၁၃. ၁. ၂၀၂၄
Written by Pan Ei

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက မြို့တော် ကွာလာလမ်ပူရဲ့ ဆင်ခြေဖုံးရပ်ကွက် ဘန်ဇာက ဗလီတစ်ခုရှေ့မှာ တောင်းရမ်းစားသောက်နေတဲ့ နိုင်ငံခြားသား ၁၀ ဦးကို မနေ့(ဇန်နဝါရီလ ၁၂ ရက်)က စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဒါတူခ်ရုစလင်ဂျူဆိုက စစ်ဆင်ရေးအတွင်း လူ ၁၃ ဦးကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ စစ်ဆေးခဲ့ပြီး လူ ၃ ဦးက ဒေသခံ နိုင်ငံသားတွေဖြစ်တာကြောင့် ပြန်လွှတ်ပေးခဲ့ကာ အသက် ၂ နှစ်ကနေ ၄၁ နှစ်ကြား နိုင်ငံခြားသား ၁၀ ဦးကိုတော့ ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အင်ဒိုနီးရှားနိုင်ငံသားအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့အပြင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်သလို မြန်မာနိုင်ငံက ကလေးငယ် ယောက်ျားလေးနှစ်ဦးနဲ့ မိန်းကလေးငယ်နှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးဟာ အဲ့ဒီဒေသမှာ နိုင်ငံခြားသားတွေက လမ်းဘေးသူတောင်းစားတွေအဖြစ်များနေတာနဲ့ ပတ်သက်ပြီး လူအများရဲ့ တိုင်ကြားမှုတွေ များနေတာကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ရုစလင်က ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထိန်းသိမ်းထားပြီး ဆက်လက်စုံစမ်းစစ်ဆေးဖို့နဲ့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေအတွက် Semenyih လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစင်တာမှာ ထားရှိထားတယ်လို့ သိရပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News