၁၁. ၁. ၂၀၂၄

Written by Nay Aung

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံ အရန်ရဲတပ်ဖွဲ့ဝင်များအဖြစ် ခန့်ထားရန် စဉ်းစားလျက်ရှိနေကြောင်း စင်ကာပူ အခြေစိုက်သတင်းမီဒီယာများတွင်ဖော်ပြထားသည်။

စင်ကာပူ ဥပဒေနှင့်ပြည်ထဲရေးဝန်ကြီး K Shanmugam က စင်ကာပူနိုင်ငံသည် မြန်မာ၊ ဖိလစ်ပိုင်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံသားများကို အရန်ရဲတပ်ဖွဲ့ဝင်များအဖြစ် လူသစ်စုဆောင်းသွားရန်စဉ်းစားနေကြောင်း ပြီးခဲ့သောရက်ပိုင်းကလွှတ်တော်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

စင်ကာပူအခြေစိုက် Today သတင်းဌာနက “စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်အပြင် အာရှဒေသအတွင်းရှိ နိုင်ငံများက နိုင်ငံသားတွေကို အရန်ရဲတပ်ဖွဲ့ဝင်တွေအဖြစ် လူသစ်စုဆောင်းဖို့ အစီအစဉ်တွေရှိနေပါတယ်။ လုံခြုံရေးဝန်ဆောင်မှုတွေအတွက် လိုအပ်ချက်တွေ ပြည့်မီအောင် အာရှနိုင်ငံအချို့က နိုင်ငံသားတွေကို စင်ကာပူအရန်ရဲတပ်ဖွဲ့ဝင်တွေအဖြစ်ခေါ်ယူခန့်ထားဖို့ စဉ်းစားနေတယ်” ဟု ဖော်ပြထားသည်။

စင်ကာပူနိုင်ငံအရန်ရဲတပ်ဖွဲ့တွင် နိုင်ငံခြားသားများခေါ်ယူခန့်အပ်ထားပြီး ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံသားများကို လက်ရှိအချိန်တွင်ခန့်အပ်ထားကြောင်း သိရသည်။ စင်ကာပူအရန်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူအားလုံး၏ ၆၈ ရာခိုင်နှုန်းက စင်ကာပူနိုင်ငံသားများကို ခန့်အပ်ထားပြီး အခြား ၃၂ ရာခိုင်နှုန်းက မလေးရှားနှင့်ထိုင်ဝမ်လူမျိုးများဖြစ်နေကြောင်း သိရသည်။

သို့သော်လည်း စင်ကာပူအရန်ရဲတပ်ဖွဲ့တွင် ထိုင်ဝမ်လူမျိုးများ ခန့်အပ်မှုအရေအတွက် လျော့နည်းလာခဲ့ပြီးနောက် ဖိလစ်ပိုင်၊ မြန်မာ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံသားများကို အရန်ရဲတပ်ဖွဲ့ဝင်များအဖြစ်ခန့်အပ်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း စင်ကာပူအခြေစိုက်သတင်းမီဒိယာများတွင် ဖော်ပြထားသည်။

Ref todayonline

Leave a Reply

Your email address will not be published. Required fields are marked *

Related News