၁၁. ၁. ၂၀၂၄

Written by Nay Aung

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ပြီးခဲ့သော ၂ လကျော်အတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ မြန်မာ့တပ်မတော်သား ၄၁၆ ဦး ဆုတ်ခွာတိမ်းရှောင်လာခဲ့ကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး မန်ဂျိုပန်ဒိက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော အောက်တိုဘာလနောက်ပိုင်းမှစတင်ပြီး တိုက်ပွဲများအရှိန်မြင့်ဖြစ်ပွားလာခဲ့မှုနှင့်အတူအိန္ဒိယနှင့်မြန်မာနယ်စပ်များတွင်လည်း တပ်မတော်နှင့် လက်နက်ကိုင်အုပ်စုကြား တိုက်ပွဲများဖြစ်လာခဲ့သည်။ လက်နက်ကိုင်အုပ်စုများသည် အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသရှိ တပ်မတော်စခန်းများကို သာလွန်အင်အားသုံးကာ သိမ်းပိုက်ရန်ကြိုးပမ်းလာခြင်းကြောင့် တပ်မတော်သားများသည် နယ်စပ်ဒေသကိုဖြတ်သန်းပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ရသည်။ အိန္ဒိယအာဏာပိုင်များသည် ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာလာသော မြန်မာ့တပ်မတော်သားများကို နိုင်ငံအတွင်း ရက်အနည်းငယ်နေထိုင်ခွင့်ပေးပြီး စစ်ဘက်သုံးရဟတ်ယာဉ်များဖြင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ပေးခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်လျှောက် အခြေအနေများကို စိုးရိမ်မိကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် အာသံရိုင်ဖယ်တပ်ရင်းများကို ဖြန့်ကြတ်ချထားပြီး နယ်စပ်ဒေသအခြေနေများကို အနီးကပ်စောင့်ကြည့်နေသလို နယ်စပ်ဒေသ ခြံစည်းရိုးခတ်နိုင်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲဖြစ်သူကပြောသည်။

Ref ndtv

Leave a Reply

Your email address will not be published. Required fields are marked *

Related News