MT News
၁၂. ၁. ၂၀၂၄

တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုကြောင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ နစကအကြား တတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှုမှာတော့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရခဲ့ပြီလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်သူတွေဆီက ကနဦးသတင်းအရ သိရပါတယ်။

ပထမအကြိမ်ဆွေးနွေးပွဲမှာ သဘောတူညီချက် မူကြမ်းထွက်ပေါ်ခဲ့တာဖြစ်ပေမဲ့ မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့ဘက်က ဆက်လက်တိုက်ခိုက်ပြီး မြို့တွေ ထပ်သိမ်းခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ရသလို လက်ရှိအကြိမ် ဆွေးနွေးမှုမှာတော့ အပစ်အခတ်ရပ်စဲမှုအတွက် ဇန်နဝါရီ ၁၁ ရက်ည ကူမင်းစံတော်ချိန် ၁၀ နာရီမှာ လက်မှတ်ထိုးခဲ့လို့ အပစ်အခတ်ရပ်စဲမှု အသက်ဝင်ခဲ့ပြီလို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို MNDAA ဘက်က ငါးဦး၊ ULA/AA က ၇ ဦး၊ PSLF/TNLA က ၇ ဦးနဲ့ MNSPC ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ပြီး တရုတ်နိုင်ငံဘက်ကလည်း အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းတို့အဖွဲ့ တက်ရောက်တယ်လို့ သိရပါတယ်။

အပစ်အခတ်သဘောတူညီချက်အရ နှစ်ဖက်တပ်တွေက ရောက်ရာအရပ်ကနေ စစ်ဆင်မှုရပ်ထားရမှာဖြစ်ပြီး နယ်မြေပိုင်းခြားပေးရမဲ့အချက်ကတော့ လတ်တလောဆွေးနွေးမှုမှာပါဝင်လာမှုမရှိသလို ဆက်လက်ဆွေးနွေးရမဲ့ အပိုင်းကလည်း အတိအကျမသိရသေးပါဘူး။

ရှမ်းမြောက်က ညီနောင်သုံးဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းနေရတဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း အကုန်ပြန်ဖွင့်ဖို့ သဘောတူညီချက်ရခဲ့ပေမဲ့လည်း ကနဦးမှာ ချက်ခြင်းအကောင်အထည်မဖော်နိုင်သေးဘဲ အပစ်အခတ်တကယ်ရပ်သွားချိန်မှ စီမံချက်အသေးစိတ်တွေကို ဆက်လက်ညှိနှိုင်း အကောင်အထည် ဖော်သွားမယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲတာ ဟုတ်မဟုတ် သတင်းထုတ်ပြန်ဖို့ရှိမရှိ အတည်ပြုမှုကို MT News သတင်းဌာနက SAC အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်လက်အတည်ပြုမေးမြန်းနေပြီး အတည်ပြုထုတ်ပြန်တာကို ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News