၁၂. ၁. ၂၀၂၃
Written by Ye Kyaw

အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာများကို e-Pension ကတ်များဖြင့် မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲ ၅၅ ဘဏ်တွင် တစ်ဘဏ်နှင့်တစ်ဘဏ် ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ယနေ့တွင် ကြေညာထားသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလအထိ Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ဘဏ်ခွဲပေါင်း (၅၅) ဘဏ်ရှိပြီဖြစ်ကာ အငြိမ်းစားများအနေ ဖြင့် ထိုဘဏ်ခွဲ ၅၅ ဘဏ်အတွင်း မည်သည့်ဘဏ်ခွဲတွင်မဆို ပင်စင်လစာများကို e-Pension ကတ်များဖြင့် တစ်ဘဏ်မှ တစ်ဘဏ်သို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်သည်။

ယခင်က ပင်စင်လစာထုတ်ခြင်းကို သတ်မှတ်ဘဏ်များတွင်သာ ထုတ်ယူရခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြောင်းရွှေ့နေထိုင်သူများသည် မိမိထုတ်ယူလိုသည့် သက်ဆိုင်ရာဘဏ်သို့ ပြောင်းလဲလျှောက်ထားရခြင်းဖြစ်သည်။

“အခုက ကိုယ်နဲ့နီးတဲ့ ဘဏ်မှာထုတ်လို့ရသွားတာပေါ့။ ကျွန်တော်ဆို သတ်မှတ်ဘဏ်ခွဲ ၄ မှာပဲ သွားထုတ်ရတာ။ အခု ဒီဇင်ဘာလကုန်က ထုတ်ထားတာ။ ထုတ်ပြီးတော့ ဒီလဆန်းပိုင်းမှာ ဒီသတင်းက ထွက်လာတာ။ သုံးလတစ်ကြိမ် ထုတ်ရတာဆိုတော့ နောက်တစ်ခါထုတ်ရင် အဆင်ပြေသွားတာပေါ့။ အခုကတော့ ခရီးသွားရင်းတောင် ဘဏ်ခွဲရှိတဲ့မြို့ရောက်ရင် ထုတ်လို့ရသွားတာပေါ့” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် တစ်ဘဏ်မှ တစ်ဘဏ်သို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခဲ့ဖြင့် ထုတ်ယူနိုင်သည့် ဘဏ်ခွဲများမှာ ပျဉ်းမနားဘဏ်ခွဲ၊ လယ်ဝေးဘဏ်ခွဲ၊ တပ်ကုန်းဘဏ်ခွဲ၊ ပုဗ္ဗသီရိဘဏ်ခွဲ၊ ဘဏ်ခွဲ(၁) မန္တလေး၊ ဘဏ်ခွဲ(၂) မန္တလေး၊ ဘဏ်ခွဲ(၃) မန္တလေး၊ ညောင်ဦးဘဏ်ခွဲ၊ မတ္ထီလာဘဏ်ခွဲ၊ ပြင်ဦးလွင်ဘဏ်ခွဲ၊ မြင်ခြံဘဏ်ခွဲ၊ ကျောက်ဆည်ဘဏ်ခွဲ၊ ရမည်းသင်းဘဏ်ခွဲတို့ ပါဝင်သည်။

ရန်ကုန်တွင် ဘဏ်ခွဲ(၁) ရန်ကုန်၊ ဘဏ်ခွဲ(၂) ရန်ကုန်၊ ဘဏ်ခွဲ (၃) ရန်ကုန်၊ ဘဏ်ခွဲ(၄) ရန်ကုန်၊ ဘဏ်ခွဲ(၅) ရန်ကုန်၊ ဘဏ်ခွဲ (၆) ရန်ကုန်၊ ငွေစုဘဏ်ခွဲ (၁)၊ ငွေစုဘဏ်ခွဲ (၂)၊ ငွေစုဘဏ်ခွဲ (၃)၊ ငွေစုဘဏ်ခွဲ (၄)၊ သန်လျင်ဘဏ်ခွဲ၊ ကြည့်မြင်တိုင်ဘဏ်ခွဲ၊ သင်္ဃန်းကျွန်းဘဏ်ခွဲ၊ တာမွေဘဏ်ခွဲ၊ မြောက်ဥက္ကလာဘဏ်ခွဲ၊ အင်းစိန်ဘဏ်ခွဲတို့တွင် ထုတ်ယူနိုင်သည်။

ထို့ပြင် ပဲခူးဘဏ်ခွဲ၊ တောင်ငူဘဏ်ခွဲ၊ သာယာဝတီဘဏ်ခွဲ၊ ပြည်ဘဏ်ခွဲ၊ ပုသိမ်ဘဏ်ခွဲ၊ ဟင်္သာတဘဏ်ခွဲ၊ မြောင်းမြဘဏ်ခွဲ၊ မအူပင်ဘဏ်ခွဲ၊ ဖျာပုံဘဏ်ခွဲ၊ တောင်ကြီးဘဏ်ခွဲ၊ ကျိုင်းတုံဘဏ်ခွဲ၊ တာချီလိတ်ဘဏ်ခွဲ၊ လွိုင်ကော်ဘဏ်ခွဲ၊ လားရှိုးဘဏ်ခွဲ၊ စစ်ကိုင်းဘဏ်ခွဲ၊ မြောင်ဘဏ်ခွဲ၊ ဘားအံဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ ကော့ကရိတ်ဘဏ်ခွဲ၊ မကွေးဘဏ်ခွဲ၊ သရက်ဘဏ်ခွဲ၊ မင်းဘူးဘဏ်ခွဲ၊ ပခုက္ကူဘဏ်ခွဲ၊ ဘဏ်ခွဲ (၁) မော်လမြိုင်၊ ဘဏ်ခွဲ(၂) မော်လမြိုင်နှင့် သထုံဘဏ်ခွဲများတွင် ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားသည်။

အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရေး ပိုမိုအဆင်ပြေစေရန် လက်ရှိဘဏ်ခွဲ ၅၅ ဘဏ်အပြင် ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး ဝန်ဆောင်မှု ထပ်တိုးသည့် ဘဏ်ခွဲစာရင်းများကိုလည်း www.meb.gov.mm နှင့် Myanmar Economic Bank Facebook Page တို့တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *