၁၀. ၁. ၂၀၂၄
Written by Naing Thuta

ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းရာမှ အသက် ၇၀ ကျော်အရွယ် အဘိုးအို (သတ္ထုတွင်းဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး) တစ်ဦး မီးလောင်သေဆုံးမှု မန္တလေးတွင် ယနေ့နံနက် အရုဏ်မတက်ခင်အချိန်က ဖြစ်ပွားခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၁၀ ရက်)နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅)ရပ်ကွက်၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြား၊ ၆၈ လမ်းပေါ်ရှိ  ခ-၆/၉-၁၂၊ နံကပ်နှစ်ထပ်တိုက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တိုင်းမီးသတ်ဦးစီးမှူး ညွှန်/မှူး ဦးဇော်ဝင်းထွန်း၊ မြို့နယ်မီသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းမင်းစိုး ဦးစီး သန္ဓေ ၄၀ ဦး၊ အရန်မီးသတ် ၅၀ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူတို့မှ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးဖြင့် မီးဝိုင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၅၃ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

“လောင်တာကတော့ ရေခဲသေတ္တာအပူလွန်ကဲပြီးတာ့ မီးစလောင်တာလို့ကြားတယ်။ အခုက မီးတွေက လာတာပုံမှန်မဟုတ်တော့ မီးလာတဲ့အချိန်မှာ မီးစောင့်တက်ပြီး လောင်တာဖြစ်မယ်။ ညသန်းခေါင်ချိန်ဆိုတော့ မီးက ဘယ်သူမှလည်း မသုံးတော့ဘူးလေ။ အိပ်ကုန်ပြီဆိုတော့။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ်အိပ်ရင် မီးတွေအကုန်ပိတ် အိပ်တာပဲကောင်းတယ်။ ဒီဖြစ်စဉ်ကို သင်ခန်းစာယူရမယ်။ အိမ်ထဲကပစ္စည်းတွေ အကုန်လောင်သွားတယ်လို့ ကြားတာပဲ။ အတိအကျတော့မသိဘူး။ အဲ့ဒီအိမ်မှာ သတ္ထုတွင်းက အငြိမ်းစား ညွှန်မှူးတစ်ယောက်ပဲနေတာ။ မီးလောင်ပြီး သေဆုံးသွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့နိုးလို့ အောက်ပြေးဆင်းကြည့်တော့ မှန်တွေခွဲပြီး မီးသတ်ကားတွေ မီးငြိမ်းနေကြပြီ”ဟု မီးလောင်မှုဖြစ်ပွားသည့်နေအိမ်အနီးတွင်နေထိုင်သည့် အမျိုးသားကြီးတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထိုမီးလောင်မှုဖြစ်ပွားသည့်နေအိမ်တွင် အသက် ၇၇ နှစ်အရွယ်ခန့်ရှိသော အမျိုးသားကြီး(သတ္ထုတွင်းဝန်ကြီးဌာနမှ အငြိမ်း စားညွှန်မှူး)တစ်ဦးတည်းနေထိုင်ပြီး ၎င်းမှာမူ မီးလောင်သေဆုံးသွားခဲ့သဖြင့် အလောင်းအား နံနက် ၁ နာရီ ၅၅ မိနစ်ခန့်တွင် ရွာဘုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားသည့်နေအိမ်အပေါ်ထပ်ရှိ ရေခဲသေတ္တာ အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကာ မီး လောင်မှုကြောင့် အဆောက်အဦနှင့် အတွင်းပစ္စည်းများအားလုံး ပျက်စီးဆုံးရှုံးခဲ့၍ မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ၃၁ သိန်းကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ မီးအားပေါ့ဆစွာသုံးစွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား၍ အသက်သေဆုံးသူ အငြိမ်းစားညွှန်မှူးအား  အမှတ် (၁၁) နယ်မြေရဲစခန်းမှ(ပ)၁၁/၂၀၂၄၊ ရာပုဒ်မ-၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *