၉.၁.၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ ၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ လှိုင်မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် Lexus ယာဥ် မီးလောင်မှုအပါအဝင် မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်များမှာ ဇန်နဝါရီ ၈ ရက် နံနက် ၁၁ နာရီ ၄၈ မိနစ်ခန့်က ဗိုလ်တထောင်မြို့နယ် အမှတ် ၅ ရပ်ကွက်၊လမ်း ၅၀ နှင့် ၅၁ လမ်းကြား ကုန်သည်လမ်းပေါ်၊ ၁၅ ထပ် Merchant Luxury ကွန်ဒိုအဆောက်အဦ မြေညီထပ်တွင် ဖွင့်လှစ်ထားသော Eco Store (IT TECH SUPPLES)ဆိုင်ခန်း ထပ်ခိုးရှိအလျား ၁၀ ပေ ၊ အနံ ၁၅ ပေ အခန်းတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲရာမှ မီးပွားကျ၍ အောက်ရှိပစ္စည်းများကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး မီးလောင်သော အခန်းငယ်နှင့် အခန်းတွင်းရှိပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ဆိုင်တာဝန်ခံ အသက်၂၆ နှစ်အရွယ် အမျိုးသမီးကို ဗိုလ်တထောင်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၄ စီး၊ အထောက် အကူပြုယာဉ် ၂ စီး၊ ကွပ်ကဲမှုယာဉ် ၁ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၀၇ ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်။

အလားတူ ဇန်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က လှိုင်မြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ ကန်လမ်းသွယ် (၂) လမ်းရှိ RC ၂ ထပ် လူနေအိမ်အပေါ်ထပ်တွင် အဲယားကွန်း Safegurad အပူလွန်၍ ရှော့ခ်ဖြစ်ပြီး မီးပွားများ မွှေ့ယာပေါ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ ၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး အဲယားကွန်း Safegurad နှင့် အဲယားကွန်းအဖုံး၊ မွေ့ယာအနည်းငယ် ဆုံးရှုံးခဲ့သဖြင့် အသက် ၃၃ နှစ်အရွယ် အမျိုးသားကို လှိုင်မြို့မရဲစခန်းက ပုဒ််မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီ ၅၃ မိနစ်ခန့်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁ဝ)ရပ်ကွက် သစ္စာလမ်းမပေါ်တွင် ဝေဇယန္တာလမ်းမှ တောင်ဥက္ကလာပဘုရားလမ်းဘက်သို့ မောင်းလာသော TOYOTA Lexus GX 460 အနက်ရောင် မော်တော်ယာဥ်မှာ အရှေ့ဘယ်ဘက်ခြမ်း မီးသီးသို့ သွယ်တန်းထားသော ဝါယာကြိုးပူးပြီး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။

ကားမီးလောင်မှုမှာ ၅ မိနစ်ခန့်သာ လောင်ကျွမ်းခဲ့ပြီး ရှေ့ဘက်ဘယ်ခြမ်း မီးသီးနှင့် ရှေ့ဘယ်ဘက်ရှဲတို့ မီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက် ၅၄ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကြီးကို ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *