သူခိုးက ဓားဖြင့် ခုတ်ခဲ့သော အိမ်ရှင် အမျိုးသမီးငယ်အား တွေ့ရစဥ် (ဓာတ်ပုံ- ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း)

MT News

Written by Naing Thuta

အမျိုးသမီးငယ်တစ်ဦးတည်းရှိနေသည့် နေအိမ်အတွင်းသို့ ဝင်ခိုးသည့်သူခိုးက အိမ်ရှင်အမျိုးသမီးငယ်အား ဓားဖြင့် အချက်ပေါင်းများစွာခုတ်ပြီး ထွက်ပြေးမှု မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အိမ်ထဲမှာ အဲဒီကလေးမတစ်ယောက်ထဲရှိနေတယ်ဆိုပြီးတော့ ဝင်ခိုးတာဖြစ်မယ်။ အစကတည်းက ချောင်းနေတာလည်းဖြစ်မယ်။ ကလေးမရဲ့အော်သံကြားလို့ လူတွေပြေးသွားကြည့်တော့ သွေးတွေနဲ့တွေ့တာ။ မေးကြည့်တော့ သူခိုးက သူ့ကိုခုတ်သွားတာတဲ့။ အချက်ပေါင်းများစွာပဲ။ ကံကောင်းလို့မသေသွားတာ။ သူခိုးက ပစ္စည်းခိုးနေချိန်သူကတွေ့သွားလို့ ဓားနဲ့အကြိမ်ကြိမ်ခုတ်ပြီးထွက်ပြေးသွားတာတဲ့။ အဲဒီသူခိုးတော့မမိလိုက်ဘူး” ဟု အခင်း ဖြစ်ရာအနီးတွင်နေထိုင်သူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာမြောက်ရပ်၊ (ဆ) နယ်မြေ၊ မြင်းခြံ ၃ လမ်းနှင့် ၄ လမ်းကြားရှိ အသက် ၂၀ ဝန်းကျင်ခန့်ရှိသော အမျီုးသမီးငယ်တစ်ဦးတည်း ရှိနေသည့်နေအိမ်အား နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီခန့်တွင် လူတစ်ဦးမှ ဝင်ရောက်လာပြီး ပစ္စည်းခိုးယူနေစဉ်အတွင်း အိမ်ရှင် အမျိုးသမီးငယ်က တွေ့သွားသောအခါ သူခိုးက ၎င်း၌ ပါလာသည့် ဓားဖြင့်အချက်ပေါင်းများစွာခုတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အိမ်ရှင်ကောင်မလေးက သူခိုးကိုတွေ့သွားတော့ အကူအညီအော်တောင်းပြီး ဝင်လုံးတဲ့အချိန်မှာ အဲဒီသူခိုးက ကောင်မလေးကို ဓားနဲ့အချက်ပေါင်းများစွ ာခုတ်ပြီးထွက်ပြေးသွားခဲ့လို့ ပြတ်ရှပေါက်ပြဲ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျနေတာကို ဖုန်းဆက်အကြောင်းကြားလို့ အသင်းက အရေးပေါ်လူနာတင်ယာဉ်တစ်စီး ချက်ချင်းထွက်ပြီး လူနာကို လိုအပ်တဲ့အရာတွေနဲ့ အရင်ပြုစုပေးပြီး မိတ္ထီလာပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပါတယ်” ဟုအဆိုပါ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူခိုးက ဓားဖြင့်အခုတ်ခံရသူ အိမ်ရှင်အမျိုးသမီးငယ်တွင် ဦးခေါင်း၊ ကုတ်ပိုး၊ နှုတ်ခမ်း၊ ကျောပြင်နှင့် လက်နှစ်ဖက်တို့၌ ဓားခုတ်ဒဏ်ရာများ အချက်ပေါင်းများစွာရရှိကာ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ ကားဖြင့် မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားသည့် သူခိုးအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ လိုက်လံ စုံစမ်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *