၉. ၁. ၂၀၂၃
Written by Pan Ei

ကိုလံဘီယာတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဦးဆောင်တဲ့ သုတေသနပြုချက်အရ ပျမ်းမျှအနေနဲ့ ရေသန့်တစ်လီတာမှာ နာနိုပလတ်စတစ်အပိုင်းအစ (ပလတ်စတစ်အမှုန်အမွှား)၂၄၀,၀၀၀ ခန့် ပါဝင်ကြောင်း Proceedings of the National Academy of Sciences က မနေ့ (ဇန်နဝါရီ ၈ရက်)က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

နာနိုပလတ်စတစ်တွေဟာ မိုက်ခရိုပလတ်စတစ်တွေထက်သေးငယ်ပြီး သူတို့ဟာ အရှည်တစ်မိုက်ခရိုမီတာထက်သေးသလို နာနိုအမှုန်တွေက အကန့်အသတ်မရှိ သေးငယ်တာကြောင့် အဏုကြည့်မှန်ဘီလူးအောက်မှာတောင် မမြင်နိုင်ပါဘူး။

သုတေသီတွေက အမေရိကန်က ရေပန်းစားတဲ့ ရေသန့်ဗူးတံဆိပ် ၃ ခုကို စမ်းသပ်ခဲ့ပြီး တစ်လီတာမှာ အမှုန်အမွှား ၁၁၀,၀၀၀ ကနေ ၃၇၀,၀၀၀ ကြား ပါဝင်တာကို တွေ့ရှိခဲ့ကာ တွေ့ရှိရတဲ့ ပလတ်စတစ်အမှုန်တွေရဲ့ ၉၀ ရာခိုင်နှုန်းက နာနိုပလတ်စတစ်တွေဖြစ်ပြီး ကျန်တာတွေက မိုက်ခရိုပလတ်စတစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလေ့လာမှုအသစ်အရ ရေသန့်တစ်လီတာမှာ ခုလို နာနိုပလတ်စတစ်ပေါင်း ထောင်ပေါင်းများစွာပါဝင်နေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာချို့ယွင်းမှု၊ မွေးရာပါချို့ယွင်းချက်တွေနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အရင်ကလေ့လာမှုတွေမှာလည်း နာနိုပလတ်စတစ်တွေက အလွန်သေးငယ်သောကြောင့် ခန္ဓာကိုယ်အတွင်း ဖြတ်သန်းသွားလာနိုင်ပြီး သွေးကြောတွေ၊ အဆုတ်၊ နှလုံးနဲ့ ဦးနှောက်လိုမျိုး နေရာတွေကိုပါ ဝင်ရောက်နိုင်ကြောင်း ဖော်ပြထားတာတွေရှိပြီး နာနိုပလတ်စတစ်တွေအကြောင်း များများစားစားမသိရသေးပေမဲ့ အဲ့ဒါတွေက ဓာတ်ပြုမှုတွေ ပိုမိုပေါများကာ ခန္ဓာကိုယ်အတွင်းက နေရာတွေကို ပိုမိုစိမ့်ဝင်နိုင်တာကြောင့် မိုက်ခရိုပလတ်စတစ်တွေထက် ပိုပြီးအန္တရာယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ခုလိုရှာဖွေတွေ့ရှိမှုအသစ်က ပလတ်စတစ်တွေနဲ့ ထိတွေ့မှုကို လျှော့ချဖို့ ဖန်ခွက် ဒါမှမဟုတ် သံချေးမတက်နိုင်တဲ့ စတီးခွက်တွေကို အသုံးပြုဖို့ တိုက်တွန်းထားတဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို အားဖြည့်ပေးနေပြီး အဲ့ဒီအကြံဉာဏ်ဟာ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အစားအစာတွေနဲ့ အဖျော်ယမကာတွေကို စားသုံးတာတွေလျှော့ချဖို့ ပါဝင်ပါတယ်။

Ref; Forbes

Leave a Reply

Your email address will not be published. Required fields are marked *

Related News