၈. ၁. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ် ချီရာစ့်ဒေသက ဘန်ဒါမာကိုတာချီရာစ့်မြို့နယ်ရှိ ကလေးကစားကွင်းတစ်ခုမှာ မြန်မာစုံတွဲတစ်တွဲနဲ့ သူတို့ရဲ့လေးနှစ်အရွယ်ကလေးငယ်တို့ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် လာရောက်ခိုလှုံနေထိုင်နေကြတယ်လို့ မလေးရှားအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း မြန်မာနိုင်ငံသား ၁၀ ဦးကျော်ဟာ မွေ့ယာ၊ ခေါင်းအုံး၊ ဆိုဖာတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ အိမ်သဖွယ် ပြုပြင်နေထိုင်နေကြတဲ့ အဲ့ဒီကစားကွင်းကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ကြသေးကြောင်း သိရကာ ဒီမိသားစုကတော့ ကစားကွင်းမှာ နေထိုင်ဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Hau Lian Kim လို့အမည်ရတဲ့ မြန်မာနိုင်ငံသားဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ ကလေးနဲ့အတူ တခြားနေစရာနေရာမရှိတာကြောင့် အဲဒီမှာပဲ အိပ်တယ်လို့ ဆိုပါတယ်။

“ရာသီဥတုကောင်းရင် ဒီပန်းခြံဘေးက တောအုပ်မှာ အိပ်ပေမဲ့ ရာသီဥတုက မိုးရွာသလိုမျိုး ရာသီဥတု ဆိုးရင်တော့ ဒီပန်းခြံထဲက အဆောက်အအုံငယ်တစ်ခုအောက်မှာ အိပ်တာပါ” လို့ Hauက ပြောကြားခဲ့ပြီး သူတို့ ကစားကွင်းမှာ နေနေတာ နှစ်ပတ်ကျော်ကြာအောင် ရှိပြီလို့လည်း သိရပါတယ်။

Hau က သူဟာ မလေးရှားမှာ ငါးနှစ်ကြာနေထိုင်ခဲ့ပြီး လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း ပြောကြားခဲ့ကာ “နေ့တိုင်း အနီးနားက သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့ကို အစားအသောက်တွေ ယူလာပေးတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကစားကွင်းထဲ ဝင်ရောက်စီးနင်းမှုအတွင်း Hau ရဲ့သူငယ်ချင်းတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကစားကွင်းနားမှာ နေထိုင်သူတစ်ဦးက “ကစား ကွင်းက ချောင်ကျတာကြောင့် ဒေသခံ တော်တော်များများက အဲဒီနေရာကို လာမကစားကြဘူး။ အဲ့ဒါကြောင့် မြန်မာနိုင်ငံသားတွေဟာ ဒီနေရာကို သူတို့ နေအိမ်အဖြစ်ရွေးချယ်ကြတာဖြစ်နိုင်တယ်လို့” ပြောကြားခဲ့ပါတယ်။

အိမ်ရာမှာနေထိုင်သူ တခြားတစ်ဦးကလည်း မြန်မာနိုင်ငံသားတွေက အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုကာ ကစားကွင်းထဲမှာ တဲတွေ ဆောက်ပြီး နေထိုင်ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနိုင်ငံခြားသားတွေ ဘာကြောင့် ကစားကွင်းမှာ အခြေချနေထိုင်ရတာလဲလို့ မေးခွန်းထုတ်ခဲ့တဲ့ ဒေသခံတွေလည်းရှိပြီး “တော်တော်များများက ကျွန်တော်တို့ကို တိုင်ကြားထားပေမဲ့ ဘာမှလုပ်လို့မရဘူး။ ဖော်ထုတ်ဖို့နဲ့ အသိပညာပေးရုံလောက်ပဲ တတ်နိုင်တယ်” လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News