၈.၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်တံတားပေါ်တွင် ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီ ၃၅ မိနစ်ခန့်က Taxi အငှားယာဥ်တစ်စီး တံတားဘေးဘောင်ကို ဝင်တိုက်ခဲ့မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်းအမျိုးသား ညာဘက်လက်ပြတ်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။

​ဖြစ်စဥ်မှာ ကမ္ဘာအေးဘက်အခြမ်းမှ မြေပဒေသာကျွန်းဘက်သို့ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီးမှာ ညာဘက်လက်ထုတ်ရင်း အငှားယာဥ်မောင်းနှင်လာစဥ် ရွှေဂုံတိုင်တံတားအလယ်၌ ကားကွေ့ရာမှ ဘေးတံတားဘောင်နှင့် ညာလက်တိုက်မိပြီး လက်ပြတ်ထွက်ခဲ့ကြောင်း၊ ယင်းနောက်ယာဥ်မောင်းမှာ ကားကို ဘယ်ဘက်သို့ဆွဲချကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

“ယာဥ်မောင်းက အိမ်အပြန်ကားသိမ်းချိန် လမ်းခုလတ်မှာပဲ ဖြစ်သွားတာ။ လက်မောင်းကနေ ပြတ်ထွက်သွားတဲ့ လက်က တံတားအောက်ကို ကျသွားတယ်။ ကျွန်တော်တို့ရောက်သွားချိန်မှာလူနာက သွေးထွက်လွန်နေပေမယ့် သတိကရှိတယ်။ အမြန်ဆုံးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

လက်ပြတ်ထွက်နေသော သွေးထွက်လွန်နေသည့် ယာဥ်မောင်း အမျိုးသားကို အနာဂတ်အလင်းတန်းပရဟိတအသင်းက လူနာတင်ယာဥ်ဖြင့် အသင်းဝင် ၄ ဦးလိုက်ပါ၍ လိုအပ်သည့်မြေပြင်ကုသမှုများပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *