၁၉. ၁၂. ၂၀၂၃
Written by Ye Kyaw
FMI ကုမ္ပဏီအုပ်စု (First Myanmar Investment Public Co., LTD) အနေဖြင့် ဘဏ်ချေးငွေ အမျိုးမျိုးနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေပို၍ရရှိလာခြင်းကြောင့် ယခု ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ယခင်နှစ်ကာလတူထက် ဝင်ငွေ ၄၄ ရာခိုင်နှုန်းနီးပါးနှင့် အမြတ်ငွေ ၆၈ ရာခိုင်နှုန်းကျော် တိုးတက်ရရှိခဲ့ကြောင်း FMI မှ ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
FMI အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာနှစ်ဝက်အတွက် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၂၂၉ ဒသမ ၄ ဘီလျံရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေ ကျပ် ၁၅၉ ဒသမ ၄ ဘီလျံနှင့် နှိုင်းယှဉ်လျှင် ၄၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဝင်ငွေတိုးတက်ရသည့် အဓိကအကြောင်းအရင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ (ရိုးမဘဏ်)နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ (ပန်းလှိုင် ဆေးရုံအုပ်စု) တို့မှ ဝင်ငွေများ တိုးမြင့်ရရှိခြင်းကြောင့်ဟု ဆိုသည်။
ရိုးမဘဏ်မှ ရရှိသောဝင်ငွေသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၉၀ ဒသမ ၇ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၆ ရာခိုင်နှုန်းကျော် တိုးတက်ရရှိခဲ့ကာ ကုမ္ပဏီအုပ်စု၏ ဝင်ငွေတိုးတက်မှုကို အများဆုံးထောက်ပံ့ပေးနိုင်ခဲ့ပြီး ဘဏ်ချေးငွေအမျိုးမျိုးနှင့် ဘဏ်ဝန်ဆောင်မှုမှ ရရှိသောဝင်ငွေများ တိုးတက်လာခြင်းတို့ကြောင့် ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပန်းလှိုင်ဆေးရုံအုပ်စုမှ ဝင်ငွေရရှိမှုမှာလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာရေးနှစ်ဝက်တွင် ၃၈ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃၁ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကာ ဆေးရုံများ၏ ပင်မဝန်ဆောင်မှုဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော ကျန်းမာရေးစစ်ဆေးမှု၊ အရေးပေါ်ကုသမှု၊ အတွင်းလူနာနှင့် ပြင်ပလူနာ စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများမှ ဝင်ငွေပို၍ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကုမ္ပဏီအုပ်စု၏ ၂၀၂၃ စက်တင်ဘာ ဘဏ္ဍာနှစ်ဝက်အတွက် အကြမ်းအမြတ်သည် ကျပ် ၉၀ ဒသမ ၉ ဘီလျံရှိပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ဘဏ္ဍာနှစ်ဝက်၏ အကြမ်းအမြတ် ကျပ် ၅၃ ဒသမ ၉ ဘီလျံနှင့် နှိုင်းယှဉ်လျှင် ၆၈ ရာခိုင်နှုန်းကျော် တိုးမြင့်ခဲ့သည်။ ထိုသို့ အကြမ်းအမြတ်ငွေ တိုးမြင့်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ရိုးမဘဏ်၏ အပ်ငွေအပေါ်ပေးရသော ကုန်ကျစရိတ်ထက် အတိုးမှရရှိသော ဝင်ငွေနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှ ရရှိသော ဝင်ငွေများ တိုးတက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
FMI ကုမ္ပဏီအုပ်စု၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ပါဝင်သော Memories Group သည် ပြည်တွင်း အပန်းဖြေဝန်ဆောင်မှု ဈေးကွက်ကို တိုးချဲ့ရန် လုပ်ဆောင်လျက်ရှိပြီး နာမည်ကြီးလူသိများသော အဆောက်အအုံများ (Boutique Hotel)၊ ရန်ကုန်မြို့ရှိ Governor Residence နှင့် British Club တို့ကို စီမံခန့်ခွဲရန် စာချုပ်ချုပ်ဆိုထားသည်။ သို့သော်လည်း နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်မှု သိသိသာသာ ကျဆင်းခြင်းနှင့် ပြည်တွင်းခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ ကောင်မွန်စွာ လည်ပတ်နိုင်မှု နှေးကွေးခြင်းတို့ကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ပုံစာ-FMI ကုမွဏီအုပ်စု၏ ရိုးမဘဏ်နှင့် ပန်းလှိုင်ဆေးရုံတို့ကို တွေ့ရစဉ် (Photo-FMI)

