၂၄. ၁၁.၂၀၂၂
Written by Hey Mar

လာနီညာ ရာသီဥတုဖြစ်စဥ်ကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံ၏ ဒေသအချို့တွင် မိုးဆက်လက်ရွာသွန်းနေနိုင်ပြီး Global Tropics Hazards Outlook (GTHO)မှ အသစ်ထပ်မံထွက်ရှိလာသည့် ကမ္ဘာ့မိုးလေဝသအခြေအနေများအရ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာလ ၆ ရက် ရက်သတ္တပတ် ၂ ပတ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ မိုးရွာသွန်းနိုင်မည့် အခြေအနေများမှာ ပုံမှန်ရွာသွန်းမြဲထက် ၅၀ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းအထိရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်မှ သူ၏တွေ့ရှိချက်များကို MT News သို့ ပြောသည်။

”လာနီညာဖြစ်စဥ် ဖြစ်လာပြီဆိုရင် အအေးပိုမယ်။ တချိုနေရာတွေ အအေးလှိုင်းဖြတ်မယ်။ နောက်ပြီးစွတ်စိုမှုလည်း ပိုတဲ့အတွက် အချိန်အခါမဟုတ်မိုးရွာသွန်းမှုလည်း များတယ်။ အခု GTHO ရဲ့ ကြိုတင်ခန့်မှန်းချက်တွေ အတိုင်းဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလလယ်ပိုင်းအထိ မိုးရွာသွန်းနိုင်မဲ့ အခြေအနေ ဆက်လက်ဖြစ်ပေါ်နေနိုင်ဦးမှာပါ။ စိုက်ပျိုးရေးနဲ့ ဆားတောင်သူများ သိရှိပြင်ဆင်နိုင်ကြဖို တိုက်တွန်းချင်ပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။

ယမန်နေ့ နိုဝင်ဘာ ၂၃ရက်ညတွင် စတင်ဖြစ်ပေါ်ခဲ့သည့် Upper Air Cyclonic Circulation – UACC (လေပွေလှိုင်း)သည်လည်း ထိုင်းပင်လယ်ကွေ့မှ ကပ္ပလီပင်လယ်ပြင်ဘက်သို့ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ရန် အနောက်ဘက်ကို ဦးတည်ရွေ့လျားလျှက်ရှိနေကြောင်း ဦးဝင်းနိုင်က ဆိုသည်။ ထိုအခြေအနေကြောင့် တနင်္သာရီတိုင်းတစ်ခုလုံးတွင် နေရာအနှံအပြားမိုးစတင် ရွာသွန်းနေပြီလည်း ဖြစ်သည်။

“လာမဲ့၂၅ ရက် မနက်ပိုင်းမှာ UACC က ကပ္ပလီပင်လယ်ကို လုံးလုံးလျားလျားရောက်ရှိလာပြီး မူလ ကြိုတင်ခန့်မှန်းချက်လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားနိုင်ပါမယ်။ မြန်မာနိုင်ငံမှာ မိုးရွာနိုင်မဲ့ အခြေအနေများကလည်း မူလကြိုတင်ခန့်မှန်းအတိုင်းဖြစ်နိုင်ပါမယ်။ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ဆက်လက်ရွေ့လျားမဲ့ နိုဝင်ဘာ ၂၅ ရက်မှ ၂၈၊ ၂၉ ရက်အထိကာလအတွင်းမှာတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တောင်ဘက်ပိုင်းတွေမှာ မိုးထစ်ချုန်းရွာပြီး ဒေသတချို့မှာတော့ ဝင်ရောက်လာမဲ့ တိမ်တိုက်များမှုအခြေအနေပေါ် မူတည်ပြီး မိုးများနိုင်ပါတယ်။ လေပြင်းတိုက်ခတ်နိုင်မဲ့ အခြေအနေတော့ မတွေ့ရပါဘူး” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *