၁၄. ၁၂. ၂၀၂၃
Written by Tha Doe

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းထမ်းဆောင်ပြီးပါက အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်ပြန်ထုတ်ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ အရ “ပြည်ပနေမြန်မာနိုင်ငံသားများ၏ ပြည်ပတွင် ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာခဲ့သဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်သည်ဟု သံရုံးကဆိုသည်။

လစဉ်အခွန် ၂ ရာခိုင်နှုန်း ၁၅၀ ဘတ် ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံအင်ဂျင်နီယာများ စသည့် White Collar များ၏ ဝင်ငွေခွန်ကို ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းရှိပါက ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ရငွေမှ နုတ်၍ ကျန်ငွေကိုသာ ပေးသွင်းရမည်ဖြစ်သည်။ ဉပမာ – လစာ ၈၀၀၀၀ ဘတ်၊ ထောက်ပံ့စရိတ် ၁၀၀၀၀ ဘတ်၊ စုစုပေါင်း ၉၀၀၀၀ ဘတ် ရရှိသူသည် အခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁၈၀၀ ဘတ်ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ အခွန် ၉၇၈ ဘတ် ပေးဆောင်ထားရသဖြင့် မြန်မာနိုင်ငံသို့ လစဉ် ၈၂၂ ဘတ်သာ ပေးဆောင်ရမည်ဖြစ်သည်။

ငွေဖြူခံစားခွင့်အနေဖြင့် ၄၁၁၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ခံစားနိုင်မည်ဖြစ်ပြီး White Collar အခွန်ထမ်းများသည် မြန်မာသံရုံးသို့ အခွန်လာရောက် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ ဌာန၏ Pay Slip၊ သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည်ဖြစ်သည်။

အခွန်ထမ်းဆောင်သူများအား QR Code အမှတ် အသားပါရှိသည့် “အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်”ကို ပြန် လည်ပေးအပ်မည်ဖြစ်ပြီး ပျောက်ဆုံး/ ပျက်စီးခြင်း မရှိစေရေး ကာယကံရှင်မှ ထိန်းသိမ်းထားရန် လိုအပ်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိချိန် မိမိရရှိထားသော ငွေဖြူအား ဝင်ငွေခွန်အတွက် အသုံးပြုလိုပါက “အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်”များကို ပြသရမည်ဖြစ်သည်။

စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ လုပ်သားများအတွက် စက်ရုံ၏တာဝန်ရှိသူများမှ လုပ်သားတစ်ဦးချင်းစီအတွက် ပုံစံတွင် ဖြည့်စွက်ပြီး အားလုံးအတွက်ငွေကို ဘဏ်အကောင့်တွင် စုစည်းပေးသွင်းသည့် လက်ခံပြေစာနှင့်အတူ မြန်မာသံရုံးသို့ စာရင်းတင်နိုင်ပြီး တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ကာ နောက်ပိုင်းကာလများ၌ လစဉ်၊ သို့မဟုတ် ၃ လတစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လတစ်ကြိမ် ပေးသွင်းနိုင်မည်ဖြစ်သည်။

မြန်မာသံရုံး (ဗန်ကောက်)တွင် ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ တပ်ဆင်ထားသောစက်များကို စမ်းသပ်ဆဲကာလဖြစ်သော ကြောင့် နေ့စဉ်နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်သူများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ယခင်ကာလများ၌ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ထားသူ များအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာသံရုံး (ဗန်ကောက်)သို့ လာရောက်ပြုလုပ်နိုင်ကြောင်း အသိပေးအပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *