၁၁. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်လေတပ်မှ F-16 ဂျက်တိုက်လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံအနောက်ဘက်ကမ်းခြေအလွန်မှာလေ့ကျင့် ပျံသန်းမှုပြုနေစဉ် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ ခုန်ထွက်နိုင်လို့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ စစ်ဘက်သတင်းအရင်း အမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကား ပြီး ယုံဟတ်(Yonhap) သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဆိုပါလေယာဉ်ပျက်ကျမှုက အမေရိကန် လေတပ်စခန်းတည်ရှိရာ ဂွန်ဆန်မြို့အနီးမှာပဲဖြစ်တယ်လို့ သိရပါတယ်။လေယာဉ်က နံနက် ၉ နာရီခန့်မှာ လေတပ်စခန်းက ပျံတက်လာပြီးနောက် ပင်လယ်ဝါထဲကို ပျက်ကျသွားခဲ့တာလို့လည်းသိရပါတယ်။ လေယာဉ်မှူးကိုတော့ ပင်လယ်ရေပြင်မှာကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဂွန်ဆန်မြို့က ဆိုးလ်မြို့ရဲ့တောင်ဘက် ၁၁၅ မိုင်အကွာမှာတည်ရှိပြီး အမေရိကန်ရဲ့ အမှတ် ၈ တိုက်လေယာဉ်အုပ်စု တည်ရှိရာ လေတပ်စခန်းလည်းဖြစ်ပါတယ်။ အကြမ်းအားဖြင့်တော့ F-16 တိုက်လေယာဉ် အစီး ၃၀ ခန့်ရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း အမေရိကန်လေတပ်က F-16 လေယာဉ်တစ်စင်းဟာ ဆိုးလ်မြို့ တောင်ဘက် မိုင် ၃၀ အကွာ အိုဆန် လေတပ်အခြေစိုက်စခန်းအနီး လယ်ကွင်းတစ်ခုထဲကို ပျက်ကျမှုဖြစ်ပွားခဲ့ရပါသေးတယ်။

အဆိုပါလေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ တောင်ကိုရီးယားရှိ အမေရိကန်စစ်ဘက်ကတော့ တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှုမပြုသေးဘူးလို့လည်း သိရပါတယ်။

Ref——Reuters, Stars and Stripes

Leave a Reply

Your email address will not be published. Required fields are marked *