၉. ၁၂. ၂၀၂၃
Written by Ye Kyaw

စက်သုံးဆီပြတ်နေ၍ ရန်ကုန်မြို့တွင်း ဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူနေရသည့်အပြင် ကျပ် ၃၀,၀၀၀ ဖိုးသာ အများဆုံးရကာ ဆီအမျိုးအစားအား ‌ရွေးချယ်မရဘဲ ရသည့်ဆီကိုသာ ဝယ်ယူနေရကြောင်း သိရသည်။

“ဒီနေ့လယ်က နည်းသွားတာ မနက်က ပိုများတယ်။ ဆီက ၃၀,၀၀၀ ဖိုးပဲ အများဆုံးရောင်းပေးတာ အထဲရောက်လို့ ဓာတ်ဆီ 92 ရှိရင် 92 ပဲ 95 မရဘူး။ 95 ရှိရင်လည်း 95 ပဲယူရတာ။ ရွေးလို့မရဘူး။ ဆီသယ်ယာဉ် ချပေးတာ ရောင်းတယ်လို့ ပြောတာပဲ။ အိမ်မှာက အောက်စီဂျင်ရှူနေရတဲ့ လူနာရှိတယ်။ မီးကမမှန်၊ ဒီဇယ်ကလည်း ဝယ်မရတော့ တော်တော်ကို တိုင်ပတ်တာ” ဟု ဆီဆိုင်တွင် ဆီထည့်ရန်တန်းစီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_1_2023-12-09_15-54-39-1024x682.jpg

သို့သော်လည်း အချို့ဆီဆိုင်များသည် လာရောက်ဝယ်ယူသူများကို ကန့်သတ်မှုမရှိ လိုအပ်သည့်ပမာဏ‌အား ရောင်းချပေးပြီး ဆီကုန်လျှင် ရပ်ထားသည့်စနစ်များဖြင့်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

“Max ဆီဆိုင်ကတော့ သူက ဆိုင်ထဲရောက်ရင် လိုသလောက် အပြည့်ရောင်းပေးတယ်။ ကုန်ရင်ရပ်ပြီး ဆီကားဝင်လာရင် ထပ်ရောင်းပေးတယ်။ အဲဒါကြောင့် သူဆီမှာ အချိန်ကုန်ခံပြီး တန်းစီလိုက်တယ်။ ကားဆီအပြည့်ရရင် အစ်ကိုတို့ ၃ ရက်လောက် မောင်းလို့ရတော့ ၃ ရက်ကို တစ်ကြိမ်လောက်ပဲ အဲဒီမှာလည်း တန်းစီသူအပြည့်ပဲ” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_9_2023-12-09_15-54-39-1024x682.jpg

သီလဝါ Terminal များမှ ဆီထုတ်ရန် ခက်ခဲနေမှုများကြောင့် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းများ မဖွင့်လှစ်ဘဲ ဆီမရောင်းချပေးသည့်အပြင် ယခင်ကဲ့သို့ တန်းစီ၍ပင် ဝယ်ယူမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၉ ရက် ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၄၆၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၅၇၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂၂၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၂၇၀ ကျပ် ဖြစ်ပေါ်လျက်ရှိကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နှင့် နှိုင်းယှဉ်လျှင် တစ်လီတာ ကျပ် ၄၀ ဝန်းကျင် လျော့ကျခဲ့သော်လည်း လိုအပ်သည့် ဆီပမာဏ ဝယ်ယူ၍ မရရှိခြင်းများ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *