၈. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ရှိ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးရေး လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပြီး အောင်မြင်ပါက တခြားသော အကူအညီပေးရေး အေဂျင်စီတွေပါ ပါဝင်လာနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ (ဒီဇင်ဘာလ ၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ခုလို သဘောတူညီချက်ကို ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ထိပ်တန်းသံတမန်တွေ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆောင်ရွက်မှုဟာ တပ်မတော်အုပ်ချုပ်လျက်ရှိတဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ ထိုင်းနိုင်ငံက မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါက ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေလက်ခံဖို့ နယ်စပ်တစ်လျှောက်မှာ အမိုးအကာတွေ ဆောက်လုပ်ဖို့ အသင့်ရှိတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပါန်ပီ ဘာဟစ်ဒါ နူကာရာက က ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

“လက်ရှိအခြေအနေအရ (ဒုက္ခသည်တွေ) ဝင်လာဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အခုအချိန်ကစပြီး အကြမ်းဖက်မှုတွေ ပိုတိုးလာမယ်ဆိုရင် ထိုင်းနိုင်ငံကိုသာမကဘဲ ဘက်ပေါင်းစုံကနေ ဒုက္ခသည်တွေက လမ်းကြောင်းပေါင်းစုံကို ရောက်သွားနိုင်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ မြဝတီမြို့မှာ ပြီးခဲ့တဲ့ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို နယ်စပ်မြို့မှာ စီးပွားရေးသမားတွေနဲ့ ကုန်တင်ကား အများအပြား သောင်တင်နေကြောင်း သိရပြီး စစ်မြေပြင်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တာ့ခ်စီရင်စု မဲဆောက်ခရိုင်ကနေ ၁၀ ကီလိုမီတာခန့် အကွာမှာ ဖြစ်ပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *