၇. ၁၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ ဆိုးရွားလာနေခြင်းကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်များကို ဆိုင်းငံ့လိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ မကြာသေးမီက အရှိန်မြင့်တက်လာခြင်းကြောင့် မြန်မာဈေးကွက်အတွင်းသို့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များဝင်ရောက်ရန် အဟန့်အတားဖြစ်ခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ကျဆင်းလာခဲ့ပြီး၂၀၂၁ ခုနှစ်တွင် ၁၇ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းသာ ပြန်လည်တိုးလာခဲ့ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က တပ်မတော်နှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားမှု မြင့်တက်လာသည့်၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂ ဒသမ ၄၉ ရာခိုင်နှုန်းရှိနိုင်ကြောင်း အစောပိုင်းကခန့်မှန်းထားသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် နိုင်ငံအတွင်းသို့ ကုန်စည်စီးဝင်မှုများ ရပ်တန့်ခဲ့ရပြီး မရေရာမှုများဖြစ်လာစေခဲ့ကြောင်း သိရသည်။

ထိုင်းနှင့် မြန်မာစီးပွားရေးကောင်စီ (TMBC) က ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရှိ လက်ရှိအခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များထပ်မံလုပ်ဆောင်ရန် နှောင့်နေးစေခဲ့ကြောင်း အတည်ပြုပြောဆိုထားသည်။

TMBC ၏ဥက္ကဋ္ဌ Krit Ungwitunsathit က မြန်မာနိုင်ငံသည် ဒေါ်လာလိုအပ်ချက်နှင့် ငွေကြေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ သို့သော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် လုပ်ဆောင်နေခြင်းကြောင့် ထိုင်းနှင့်မြန်မာနယ်စပ် ကုန်သွယ်ရေးကို သက်ရောက်မှုလျော့နည်းစေခဲ့ကြောင်း သိရသည်။

ထိုင်းနှင့် မြန်မာ စီးပွားရေးကောင်စီအကြီးအကဲက ၎င်းတို့သည် လက်ရှိအချိန်တွင် ကုန်သွယ်ရေးအတွက် ဖြစ်ပေါ်နေသည့် အဟန့်အတားများကို ဖယ်ရှားနိုင်ရန် မြန်မာအစိုးရတာန်ရှိသူများနှင့်စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ပြောသည်။

Ref; thaithenation

Leave a Reply

Your email address will not be published. Required fields are marked *