၇. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်လေတပ်မှ Osprey V-22 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးက ဂျပန်နိုင်ငံအနောက်ပိုင်း ယာကူရှီးမားကျွန်းအနီးတွင် နိုဝင်ဘာ ၂၉ ရက်က ပျက်ကျခဲ့မှုကြောင့်လေယာဉ်ပေါ်ပါ အမေရိကန်တပ်ဖွဲ့ ဝင်ရှစ်ဦးစလုံး သေဆုံးခဲ့ရပြီးနောက်တွင် အမေရိကန်စစ်ဖက်က ၎င်း၏ ဒေါင်လိုက်တက်ဆင်းနိုင်သော Osprey V-22 လေယာဉ်များပျံသန်းမှုကို ဂျပန်နိုင်ငံတွင် ပျက်ကျခဲ့မှု၏ အကြောင်းရင်းကို စုံစမ်းပြီးစီး သည်အထိ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင်ပျက်ကျခဲ့မှုက လေယာဉ်ပေါ်ပါမောင်းနှင်သူများကြောင့်မဟုတ်ဘဲ လေယာဉ်တွင် ပစ္စည်းကိရိယာတစ်စုံတစ်ခု ချို့ယွင်းမှုကြောင့်ဟု ပဏာမအားဖြင့်ယူဆရပြီးနောက် အမေရိကန်လေတပ်၊ ရေတပ်နှင့် မရိန်းတပ်ဖွဲ့တို့တွင် အသုံးပြုနေသော Osprey V-22 လေယာဉ်များပျံသန်းမှုကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် ပျက်ကျခဲ့မှုအပါအဝင် Osprey V-22 လေယာဉ်များက ၎င်းတို့၏ပျံသန်းတာဝန်ထမ်းဆောင်မှုသက်တမ်းတစ်လျှောက်တွင် လေယာဉ်ကိုယ်ထည်ပါဆိုးဆိုးဝါးဝါးထိခိုက်စေသည့် ပျက်ကျမှု ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးရသူ ၅၃ ဦးအထိရှိခဲ့သည်။ လေယာဉ်၏မတော်တဆပျက်ကျမှုဖြစ်ပွားခြင်းသမိုင်းကြောင့် Osprey V-22 လေယာဉ်များအနေဖြင့် လုံခြုံစိတ်ချရမှုအပေါ်အငြင်းပွားမှုများရှိနေချိန်တွင် ဂျပန်နိုင်ငံ၌ထပ်မံပျက်ကျခဲ့မှုက ၎င်းတို့ကို အသုံးပြုမှုရပ်နားထားစေခဲ့ခြင်းဖြစ်သည်။

Osprey လေယာဉ်များက အမေရိကန်စစ်ဖက်တွင် အများဆုံးအသုံးပြုနေကြပြီး အမေရိကန်လေတပ်၌ ၅၁ စီး၊ မရိန်းတပ်ဖွဲ့၌ အစီး ၄၀၀ ခန့်နှင့် အမေရိကန်ရေတပ်တွင် ၂၇ စီးအသုံးပြုနေကြသည်။ ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း Osprey လေယာဉ် ၁၄ စီးရှိရာ နိုဝင်ဘာလ ၂၉ ရက် ပျက်ကျမှုအပြီးတွင် ၎င်းတို့အား ဂျပန်အစိုးရက ပျံသန်းမှု ချက်ချင်းရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံထုတ် Osprey လေယာဉ်များက ပြေးလမ်းကြောင်းမလိုဘဲ ရဟတ်ယာဉ်တစ်စီးကဲ့သို့ အထက်အောက် ဒေါင်လိုက် တက်နိုင်ဆင်းနိုင်ပြီး ၎င်း၏ဒလက်များကိုသုံး၍ လေယာဉ်တစ်စီးကဲ့သို့လည်း လျင်မြန်စွာပျံသန်းနိုင်သည်။
Ref———AP

Leave a Reply

Your email address will not be published. Required fields are marked *

Related News