၆. ၁၂. ၂၀၂၃
Written by Naing Thuta
အခန်းအတွင်းရှိမျက်နှာကြက်တွင် တပ်ဆင်ထားသည့် LED မီးသီးအပူလွန်ကဲရာမှ အောက်ရှိဂျက်ဖာပုံးပေါ်သို့ ကျရောက်ကာ မီးစတင်လောင်ကျွမ်းမှု ချမ်းမြသာစည်မြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၆ ရက်)မနက် ၆ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားရှိ အသက် ၆၅ နှစ်အရွယ် အထည်ရောင်းသူ အမျိုးသမီးကြီးနေအိမ်၏ အာစီ(၂၈ x ၄၀)ပေ ၃ ထပ်တိုက်၏ အပေါ်ဆုံးထပ်(၁၅x၁၅)ပေ အခန်းအတွင်းရှိ မျက်နှာကြက်တွင် ကပ်လျက်တပ်ဆင်ထားသော LED မီးသီး အပူလွန်ကဲရာမှ အောက်ရှိဂျက်ဖာပုံးပေါ်သို့ ကျရောက်၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင် ၂၀၊ အရံတပ်ဖွဲ့ဝင် ၅၀၊ မီးငြိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၆ စီး၊ မြို့ခံလူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွပ်နေပြည်သူများက ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ရာ ၆ နာရီ ၃၆ မိနစ်တွင် မီးထိန်းနိုင်ပြီး ၆ နာရီ ၄၃ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ၁၆၂၅၀၀ ကျပ်ပျက်ဆီးဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသည့် အိမ်ပိုင်ရှင်အမျိုးသမီးကြီးအား အောင်ပင်လယ်နယ်မြေရဲစခန်းမှ (ပ)၂၄၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။



