၅. ၁၂. ၂၀၂၃.
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမားစ်တို့အကြား ခုနှစ်ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တိုက်ခိုက်မှုများပြန်လည်စတင်လာသည့် ယခုအချိန်တွင် စစ်ဒဏ်ခံနေရသော ဂါဇာဒေသမှာ သေကြေပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံးအခြေအနေသို့ရောက်ရှိနေပြီး အရပ်သားများအတွက်ဒေသအတွင်း မည်သည့်နေရာကမှ လုံခြုံစိတ်ချရမှုမရှိတော့ကြောင်း ကုလသမဂ္ဂ၏ ထိပ်တန်းအရာရှိများက ဒီဇင်ဘာလ ၄ ရက်တွင် ပြောခဲ့ကြသည်။

ဂါဇာဒေသတောင်ပိုင်းသို့ အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ဒေသနေ ပြည်သူများစွာမှာလည်း စစ်ဘေးမှကင်းဝေးရာ ခိုလှုံရန်နေရာကိုရှာဖွေခဲ့ကြရကြောင်း ကုလသမဂ္ဂအရာရှိများကပြောခဲ့ကြသည်။ ထိုသို့ဂါဇာတောင်ပိုင်းသို့ တိုးချဲ့တိုက်ခိုက်လာမှုများနှင့်အတူ ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပိတ်ပင်ထားရာရောက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောခဲ့သည်။

ဂါဇာဒေသအတွင်း အရပ်သားများသေဆုံးမှုမှာလည်း လျင်မြန်စွာတိုးပွားလာနေကြောင်း၊ အောက်တိုဘာ ၇ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ နှစ်လနီးပါးကာလအတွင်း ဂါဇာဒေသ၌ ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၁၅,၈၉၉ ဦး သေဆုံးခဲ့ရကြောင်း ဂါဇာဒေသကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးစစ်ဖက်ကလည်း ဟားမားစ်အုပ်စုကို ချေမှုန်းနိုင်ရန် ဂါဇာတောင်ပိုင်းသို့ပါ စစ်ရှိန်မြှင့်၍စစ်ဆင်ရေးများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း ဂါဇာဒေသတောင်ဘက်အစွန်ဆုံး ရာဖာမြို့သို့ ရွှေ့ပြောင်းခိုလှုံလာကြသော ပါလက်စတိုင်းဒုက္ခသည်များက နှစ်ရက်အတွင်းမှာပင် သောင်းနှင့်ချီ၍ရှိခဲ့ကြောင်း၊ ထိုအခြေအနေက ရာဖာ၌ လူဦးရေကျပ်သိပ်ထူထပ်လာမှုနှင့်အတူ ရောဂါဘယများ ကူးစက်နိုင်ခြေလည်းဖြစ်လာကြောင်း ကုလသမဂ္ဂက ပြောခဲ့သည်။

ဂါဇာဒေသအတွင်း နေထိုင်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိမည့် ပြည်သူ ၁ ဒသမ ၉ သန်းခန့်မှာ အိုးအိမ်များကိုစွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News