၅. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဘန်လာမွန်ခရိုင်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် မြန်မာအလုပ်သမားတစ်ဦးဟာ မနေ့က (ဒီဇင်ဘာ ၄ ရက်) မနက် ၁၁ နာရီ ၃၀ မိနစ်လောက်က စက်တစ်ခုအတွင်း ပိတ်မိကာ ကြိတ်ခံရပြီးနောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်လာမွန် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

သတင်းအေဂျင်စီနဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်တွေက စက်ရုံရဲ့အင်ဂျင်ခန်းအတွင်းက မတော်တဆဖြစ်ပွားခဲ့တဲ့ နေရာကို အမြန်ဆုံး သွားရောက်ခဲ့ကြပေမယ့် ကံမကောင်းစွာနဲ့ သေဆုံးခဲ့ရသူဟာ မြန်မာနိုင်ငံသား ဖိုးသောကြာဆိုသူဖြစ်ပြီး သူ့အလောင်းကို စက်ထဲကနေ ထုတ်ယူဖို့အတွက် ကယ်ဆယ်ရေးသမားတွေဟာ ဟိုက်ဒရောလစ်ဖြတ်စက်ကို အသုံးပြုခဲ့ရတယ်လို့လည်း သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-05_11-01-56-768x1024.jpg

ဖိုးသောကြာဟာ စက်ရုံမှာ စက်ပစ္စည်းတွေ လည်ပတ်ဖို့အတွက် တာဝန်ယူလုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့မှာ ဖိုးသောကြာဟာ စက်တစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးနေချိန် စက်က စတင်ရွေ့လျားပြီးနောက် ရုတ်တရက်ရပ်တန့်သွားခဲ့တယ်လို့ သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဆွမ်ချိုင်းလို့ အမည်ရတဲ့ အမျိုးသားကပြောပါတယ်။

အဲ့ဒီနောက်မှာ ဖိုးသောကြာက စက်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး သူစက်အတွင်းမှာ ရှိနေတာကို သတိမမူမိဘဲ တစ်စုံတစ်ယောက်က စက်ကို အမှတ်မထင် ဖွင့်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ ဆွမ်ချိုင်းက ခန့်မှန်းခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် ရဲတပ်ဖွဲ့က စက်ရုံရဲ့ စီစီတီဗီ မှတ်တမ်းတွေကို လက်ရှိမှာ စစ်ဆေးနေပြီး စက်ကိုဖွင့်ထားခြင်းရှိမရှိ သိရှိဖို့လည်း စစ်ဆေးလျက်ရှိပါတယ်။ ကြေကွဲဖွယ် မတော်တဆမှုအတွက် တွေ့ရှိချက်တွေပေါ်မူတည်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ရဲတပ်ဖွဲ့က ကတိပြုထားပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *