◼️ ဂျပန်ပိုင်နက်အတွင်း အမေရိကန်စစ်ဖက်မှ Osprey များ ပျံသန်းမှုဆိုင်းငံ့ထားရန် ဂျပန်အစိုးရ၏ တောင်းဆိုမှု အမေရိကန် လက်မခံ

၁.၁၂.၂၀၂၃.
Translated by Htwe Ko Tun

အမေရိကန်စစ်ဖက်မှ V-22 Osprey သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးက ဂျပန်နိုင်ငံ အနောက်ပိုင်း ယာကူရှီးမားကျွန်းအနီးတွင် နိုဝင်ဘာ ၂၉ ရက်က ပျက်ကျခဲ့ပြီးနောက်တွင် အရေးပေါ်ပျံသန်းခြင်း မဟုတ်သော V-22 Osprey လေယာဉ်ပျံသန်းမှုများအားလုံးကို ဂျပန်နိုင်ငံပိုင်နက်အတွင်း မပြုလုပ်ဘဲ ဆိုင်းငံ့ထားပါရန် ဂျပန်အစိုးရကတောင်းဆိုခဲ့သော်လည်း ထိုတောင်းဆိုမှုအား အမေရိကန်က လက်မခံဘဲ Osprey လေယာဉ်များ၏ စစ်ဆင်ရေးဆိုင်ရာပျံသန်းမှုများကို ဂျပန်နိုင်ငံအတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြား ခဲ့သည်။

ဝါရှင်တန်၌ပြုလုပ်သော သတင်းစာရှင်းပွဲတစ်ခု၌ ပင်တဂွန်က ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက် လက်ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ လေယာဉ်ပေါ်ပါသူများအနက် တစ်ဦးမှာ သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်ရှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။ လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးဆဲဟု ပင်တဂွန်က ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-12-01_14-52-09-1024x576.jpg

ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း V-22 Osprey သယ်ယူပို့ဆောင်ရေးလေယာဉ်များရှိရာ အခြေအနေကို ရှင်းရှင်းလင်းလင်း သိပြီးသည်အထိ ထိုလေယာဉ်များပျံသန်းမှုကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အမေရိကန်လေယာဉ်များ ဂျပန်နိုင်ငံတွင် စခန်းချမှုက အငြင်းပွားဖွယ်ကိစ္စတစ်ရပ် ဖြစ်လျက်ရှိသည်။ ဂျပန်အနောက်တောင်ဘက်ကျွန်းများ၌ အမေရိကန်လေတပ်စခန်းများ လက်ရှိတပ်စွဲထားခြင်းအပေါ် ဝေဖန်သူများက မတော်တဆမှုများ မကြာခဏဖြစ်လေ့ဖြစ်ထရှိကြောင်းပြောကြားလျက်ရှိကြသည်။ သို့သော် အမေရိကန်နှင့် ဂျပန်အစိုးရတို့ကမူ လုံခြုံစိတ်ချရမှုရှိကြောင်းပြန်လည်ပြောကြားခဲ့ကြသည်။

Ref—–Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *