၂၃. ၁၁. ၂၀၂၃
Written by Ye Kyaw

ကုန်ထုတ်လုပ်မှုများ ကျဆင်းနေသဖြင့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်‌ခေါ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (အ-၆/၂၀၂၂-၂၀၂၅)မှ သိရသည်။

ကုန်ထုတ်လုပ်မှုများ ကျဆင်းမှုများရှိခြင်း၊ အသင်းချုပ်သို့လာရောက်သည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ နိုင်ငံတကာ အဖွဲအစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း၊ ကုန်ထုတ်လုပ်သူများအနေဖြင့် အသင်းချုပ်၏ Member အဖြစ် ဝင်ရောက်စေခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။

ထို့ပြင် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံခြားသုံးငွေ လဲလှယ်နှုန်း တည်ငြိမ်ရေးတို့ကို မျက်ခြေမပြတ် ဆောင်ရွက်ခြင်းနှင့် တချို့သော စက်မှုဇုန်များတွင် လျှပ်စစ်မီးမမှန်ခြင်းကြောင့် လုပ်ငန်းများ နှေးကွေးနေမှုများ၊ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းမှ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွင်း ရှစ်လဆက်တိုက် တိုးတက်ခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်မှုသည် အော်ဒါအသစ်များ ရရှိမှုဆက်တိုက်ကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင်ကျဆင်းလာခဲ့၍ ကိုးလအတွင်း ပထမဆုံးအကြိမ် ဆုတ်ယုတ်လာခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုများ ကျဆင်းလာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းတို့ကြောင့် ပြည်တွင်းရှိ အလုပ်သမားများ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမား (Migrant)အဖြစ် သွားရောက်လုပ်ကိုင်မှု များလာ၍ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ လုပ်သားအင်အား ပြသနာကို အဓိကရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ပြောထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *