၂၂. ၁၁. ၂၀၂၃
Written by Nay Aung

အိန္ဒိယအစိုးရသည် ယာယီခရီးသွားလာသူများမှလွဲပြီး မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် အမည်စာရင်းပေး မှတ်ပုံတင်ထားရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “အိန္ဒိယနိုင်ငံသားတွေဟာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှာ မှတ်ပုံတင်ထားစေလိုတယ်။ လိုအပ်မှုများရှိတာပဲဖြစ်ဖြစ်၊ အရေးပေါ်အခြေအနေဖြစ်တာပဲဖြစ်ဖြစ် လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်”ဟု ပြောသည်။

အိန္ဒယနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် နေထိုင်နေသည့် အိန္ဒိယနိုင်ငံသားများသည် မှတ်ပုံတင်ရန် ဝက်ဘ်ဆိုတ်တွင် လိုအပ်သည့်အချက်များဖြည့်တင်းပြီး သံရုံးကို ပြန်ပေးပို့ရမည်ဖြစ်ကြောင်း သတိပေးသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “မှတ်ပုံတင်ရာမှာ အခကြေးငွေပေးစရာလိုပါဘူး။ တစ်လအတွင်း အမည်စာရင်းတင်သွင်းတဲ့မှတ်ပုံတင်လျှောက်လွှာကို ထုတ်ပေးမှာပါ” ဟု ပြောသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသားများကို သံရုံးတွင်အမည်စာရင်းပေးကာ မှတ်ပုံတင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရက မြန်မာ နိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး တိုက်ခိုက်မှုများရပ်တန့်ရန်၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန်ပြီးခဲ့သော သီတင်းပတ်တွင် တိုက်တွန်းတောင်းဆိုထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိစေဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိအောင်လုပ်ဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟုပြောသည်။

Ref; hindustantimes.

Leave a Reply

Your email address will not be published. Required fields are marked *