September 19, 2024

MT News
Written by Hey Mar

YBS ကားနှစ်စီး ပြိုင်မောင်းရာက ခရီးသည် အမျိုးသမီးကြီးတစ်ဦး ကားပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ နိုဝင်ဘာ ၂၁ ရက် မနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်က မှော်ဘီမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံပရဟိတအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကိုးလုံးကွင်းရပ်ကွက်၊ မီးစက်မှတ်တိုင်မှာ တိုက်ကြီး – ရန်ကုန် ယာဉ်လိုင်းအမှတ် ၁၂၃ Mini Bus ပေါ်ကနေ ပြုတ်ကျတာလို့ သိရပါတယ်။

“ဘေးကမျက်မြင်တွေ ပြောပြတာကတော့ ကားနှစ်စီးယှဥ်မောင်းကြရင်း ကားတံခါး ပြန်မပိတ်ရသေးဘဲ ကားက ထွက်လိုက်တာမှာ ကားပေါ်ကလွင့်ကျတယ်လို့ ပြောပြကြပါတယ်။ ယာဥ်မောင်းကိုလည်း ယာဥ်မှုစစ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အပ်လိုက်ပါပြီ”လို့ ချစ်သောမှော်ဘီမြေ ပရဟိတအသင်း တာဝန်ရှိသူက MT N ews ကို ပြောပါတယ်။

အသင်းအနေနဲ့ မြောက်ဥက္ကလာမေဓာဝီဆေးရုံကြီးကို အချိန်နဲ့တစ်ပြေးညီ အရေးပေါ်ကူညီ ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီးအချိန်နာရီဝက်ခန့်အကြာမှာ အဆိုပါ ယာဥ်ပေါ်မှ ပြုတ်ကျသူ အမည်၊ နေရာမသိရှိရတဲ့ အမျိုးသမီးကြီးဟာ ကွယ် လွန်သွားခဲ့ရှာတယ်လို့ သိရပါတယ်။

ချစ်သောမှော်ဘီမြေ ပရဟိတအသင်းမှ တာဝန်ရှိသူက “မေဓာဝီဆေးရုံ ရေခဲတိုက်ကို ရုပ်အလောင်းကိုပို့ဆောင်ပေးထားပြီးပါပြီ။ အခုထိ ပိုင်ရှင်မပေါ်သေးလို့ ပိုင်ရှင်မဲ့အနေနဲ့ပဲ ထားခဲ့တာပါ။ ကွယ်လွန်သူအမျိုးသမီးကြီးမှာ ငွေသားပါတဲ့ လက် ကိုင်အိတ် နီညိုရောင်ကိုလည်း ကျွန်တော်တို့ ချစ်သောမှော်ဘီမြေ အသင်းက လတ်တလော ထိန်းသိမ်းထားပါတယ်။ ကွယ်လွန်သူအမျိုးသမီးကြီးနဲ့ သက်ဆိုင်သူတွေက ကျွန်တော်တို့အသင်း ဒါမှမဟုတ် ကိုးလုံးကွင်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ တိတိကျကျ အထောက်အထားပြပြီး လာရောက် ယူဆောင်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဓာတ်ပုံ- ချစ်သောမှော်ဘီမြေလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *