၁၅. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ နိုင်ငံ‌ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း(Mao Ning) က ပုံမှန်သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၄ ရက်ကကျင်းပခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ်အရေးများအပါအဝင် ဒေသတွင်းထူးခြားဖြစ်ရပ်အချို့အပေါ် သတင်းဌာနများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားသွားခဲ့သည်။

ဦးစွာ Reuters သတင်းဌာနက “ နီပေါနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတာဝန်ရှိသူတွေက ပေါ့ခါရာ မြို့ လေဆိပ်တည်ဆောက်မှုမှာ တရုတ်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း ကော်ပိုရေးရှင်းအနေနဲ့ ကုန်ကျစရိတ်တိုးမြှင့်တောင်းဆိုကာ နီပေါနိုင်ငံရဲ့ အရည်အသွေးထိန်းချုပ်မှု အားထုတ်ချက်တွေကိုလည်းပျက်စီးစေခဲ့တယ်လို့စွပ်စွဲပြီး ကုမ္ပဏီရဲ့ကဏ္ဍကို စုံစမ်းစစ်ဆေးမှုတွေပြုနေတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက အဲဒီလေဆိပ်တည်ဆောက်ရေးကို ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်း ဆောင်ရွက်ရေးစီမံချက်(BRI – Belt and Road Initiative) ရဲ့ အဓိက စီမံကိန်းကြီးတစ်ရပ်အဖြစ်တည်ဆောက်တာလို့ဆိုပါတယ်။ ဒါကြောင့် BRI စီမံကိန်းကြီးတစ်ခုမှာ ခုလို နီပေါဘက်က ငွေကြေးဆိုင်ရာအခက်အခဲတွေဖြစ်ပေါ်ရမှုအပေါ် ဘယ်လိုနားလည်ရမှာလဲလို့ မေးချင်ပါတယ်” ဟု မေးခဲ့ရာတွင် မောနင်းက“ကျွန်မအနေနဲ့ ဒီကိစ္စနဲ့ဆိုင်တဲ့ နီပေါနိုင်ငံအတွင်း ပြည်တွင်းသတင်းသုံးသပ်ချက်တွေကို သတိမထားမိခဲ့ဘူး။ ရှင်ဆိုလိုချက်က တရုတ်ကုမ္ပဏီတွေအပေါ်တရုတ်အစိုးရရဲ့ ပြည်ပမှာလုပ်ကိုင်ရာမှာ ဥပဒေ၊စည်းကမ်းများနဲ့အညီ ဖြစ်ရအောင်တင်းကျပ်စွာလိုက်နာစေတယ်ဆိုတဲ့အချက်နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ ပေါ့ခါရာလေဆိပ်က တရုတ်နဲ့ နီပေါ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံစီမံကိန်းတစ်ရပ်ဖြစ်ပြီး နီပေါနိုင်ငံမှာဆိုရင်လည်း အမျိုးသားဂုဏ်ဆောင်စီမံကိန်းတစ်ရပ်အနေနဲ့ကို ကြိုဆိုနှုတ်ခွန်းဆက်ကြတာပါ။ ကျွန်မသိနားလည်သလောက်ပြောရရင် တရုတ်ကုမ္ပဏီတွေဟာ စီမံကိန်းတစ်ခုအကောင်အထည်ဖော်ရာမှာ ဒေသအခြေအနေကို အများကြီး ထည့်သွင်းစဉ်းစားကြရပါတယ်။ ဒီနောက် ဒီဇိုင်းပုံဖော်တာကနေ တည်ဆောက်မှုအထိ အရည်အသွေးမီအဆင့်ဖြစ်ဖို့ တင်းကျပ်စွာရပါတယ်။ လေဆိပ်စတင်ဖွင့်လှစ်တာကစလို့ ခုထက်ထိ လုပ်ငန်းအားလုံး ချောချော မောမော လည်ပတ်နေပါတယ်။ ဒီစီမံကိန်းကို နီပေါနိုင်ငံရဲ့ ပြည်တွင်းနဲ့နိုင်ငံတကာလေကြောင်းဆက်သွယ်ရေးကဏ္ဍတိုးတက်ကောင်းမွန်ဖို့ ဆောင်ရွက်‌ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဖြေကြားသွားခဲ့သည်။

ထို့ပြင် Sky News သတင်းဌာနက “တရုတ်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၅ ရက်မှာ ဆန်ဖရန်စစ္စကိုမြို့မှာတွေ့ကြမှာပါ။ ဒါပေမယ့် ဒီဆွေးနွေးပွဲကနှ စ်နိုင်ငံကြားတင်းမာမှုတွေ ဖြစ်နေရတဲ့ ၂၀၂၃ ခုနှစ် အကုန်ပိုင်းတောင်ရောက်နေပါပြီ။ ဒီတော့ ဒီဆွေးနွေးပွဲက သင်တို့နှစ်နိုင်ငံအကြား ရည်ရွယ်ထားကြတဲ့အတိုင်း သတိပြုဖွယ်အပြောင်းအလဲအခြေအနေတစ်ရပ်ကိုဖြစ်စေနိုင်ပါ့မလား” ဟု မေးမြန်းရာတွင်လည်း မော်နင်းက “ခုလို တရုတ်-အမေရိကန်ဆက်ဆံရေးကို စိတ်ဝင်စားမှုရှိတာ အများကြီး ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံဘက်က သမ္မတရှီကျင့်ဖိန်အနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ ဖိတ်ကြားချက်အရ တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ သွားမယ်ဆိုတာ ကြေညာပြီးပါပြီ။ သမ္မတနှစ်ဦးအနေနဲ့ မဟာဗျူဟာမြောက်ကိစ္စတွေ၊နှစ်နိုင်ငံ ဆက်ဆံ‌ရေး ပုံဖော်ရာမှာ ဆက်စပ်လွှမ်းခြုံနေတဲ့ အရေးကြီးတဲ့ကိစ္စတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကိစ္စတွေကို အလေးထားဆွေး နွေးသွားကြမှာပါ။ဒါကြောင့်လည်းဒီ အစည်းအဝေးက အရေးကြီးတဲ့ အစည်းအဝေးတစ်ရပ်လို့ရှုမြင်မိပါတယ်။အစည်းအဝေးနဲ့ပတ်သက်လို့ အရေးကြီးသတင်းတွေကိုသင့်တော်တဲ့အချိန်မှာထုတ်ပြန်ပေးမှာပါ။ ဒါကြောင့် နောက်ဆုံး သတင်းတွေကို အမြဲသတိထားကြည့်ကြစေချင်တယ်” ဟုဖြေခဲ့သည်။

အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းအခြေအနေများကို Reuters သတင်းဌာနက “မြန်မာ-တရုတ် နယ်စပ်က သောင်းကျန်းသူအဖွဲ့တွေရဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ နှစ်ခုမေးချင်ပါတယ်။ ပထမတစ်ချက်က တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးရတဲ့ တရုတ်နိုင်ငံသားအရေ အတွက်ကို သိနိုင်ပါမလား။ ဒုတိယမေးခွန်းကတော့ မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ရပ်တည်ချက်က ဘယ်လိုရှိပါလဲ။” ဟုမေးခဲ့ရာတွင်မော်နင်းက‘တရုတ်အစိုးရအနေနဲ့ မြန်မာ နိုင်ငံမြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ တရုတ်အစိုးရကတော့ အဖွဲ့အားလုံးကို ချက်ချင်းအပစ်ရပ်ပြီး ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းကြဖို့၊ စစ်ရှိန်မမြှင့်ကြဘဲ တရုတ်-မြန်မာနယ်စပ်မှာ တည်ငြိမ်အေးချမ်းမှုရှိစေဖို့ တိုက်တွန်းပါတယ်” ဟု ဖြေကြားသွားခဲ့သည်။

ထို့ပြင် Reuter သတင်းဌာနက တရုတ်ရဲတပ်ဖွဲ့ဝင်တွေအနေနှင့် ထိုင်းမြို့ကြီးများတွင် တရုတ်ကမ္ဘာလှည့်ခရီးသွားများလုံခြုံမှုရှိစေရေး ကင်းလှည့်စောင့်ရှောက်မှုတွေလုပ်မည်ဆိုသည့် သတင်းများအပေါ်မေးမြန်းရာတွင်မူ မော်နင်းက ၎င်းလည်းမသိရှိ၍သက်ဆိုင်ရာတရုတ်အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းရန်ပြောခဲ့သည်။

ထို့ပြင် ၎င်းက ဂါဇာတောင်ပိုင်းရှိ ကုလသမဂ္ဂဝန်ထမ်းများအတွက် ဧည့်ရိပ်သာတစ်ခုကို တိုက်ခိုက် ခံရ၍ တရုတ်အစိုးရအနေနှင့် များစွာ ထိတ်လန့်တုန်လှုပ်မိကြောင်း၊ စစ်ပွဲအတွင်း အသတ်ခံရသည့် ကုလဝန်ထမ်းများအတွက် ဝမ်းနည်းရပါကြောင်း၊ အကြမ်းဖက်မှုက စစ်မှန်တဲ့ လုံခြုံမှုကို မဖြစ်စေနိုင်ကြောင်း၊ အင်အားအသုံးပြုခြင်းက ငြိမ်းချမ်းရေးကို အဓွန့်ကြာရှည်စေနိုင်မှာမဟုတ်ကြောင်းနှင့် ကုလသမဂ္ဂဝန်ထမ်းများ၏ လုံခြုံစိတ်ချရမှုအတွက် ထိရောက်စွာကာကွယ်ပေးရန် CCTV ၏မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်ကောင်စီဝင် Shen Yigin ၏ သီရိလင်္ကာနိုင်ငံ ခရီးစဉ်တွင် ကြွေးမြီကိစ္စများ ပါဝင်မှုရှိမရှိ Reuters ကမေးခဲ့ရာတွင် မော်နင်းက တရုတ်အစိုးရအနေနှင့် သီရိလင်္ကာ၏ငွေကြေးဆိုင်ရာအဖွဲ့အစည်းများတွင်အကြံပေးထောက်ပံ့ကူညီနေကြောင်း၊ အပြုသဘောဖြင့်အကူအညီပေးမှုကို သီရိလင်္ကာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ပေးနေကြောင်း၊ တရုတ်အစိုးရ၏အခြေခံမူဝါဒက သီရိလင်္ကာနိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးလျော့စေရန်ကူညီရေးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Ref—– www.fmprc.gov.cn

Leave a Reply

Your email address will not be published. Required fields are marked *