၁၅. ၁၁. ၂၀၂၃
Written By Thandar

ရင်ခွင်မဲ့ မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံရင်သွေးလေးတွေအတွက် သုံးထပ်ဆောင်ဂေဟာအသစ်ကို ထပ်မံ တည် ဆောက်သွားဖို့ ဆောင်ရွက်နေတယ်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

“သုံးထပ်ဆောင် ဂေဟာသစ်ကို ထပ်ဆောက်ဖို့ရှိပါတယ်။ အဆောင်သစ်ထပ်ဆောက်ဖို့အတွက်ကိုလည်း အခု အစ်မ စိတ်ကော၊ လူကော အားစိုက်နေပါတယ်။ အခု ဆောက်လုပ်ခွင့်တင်ထားပြီးပြီ။ သုံးထပ်ဆောင်လေးဆောက်ပြီးရင် အပေါ်မှာ ကလေးတွေ ကစားကွင်းလုပ်မယ်ပေါ့။၊ ကလေးတွေကို ထားဖို့အတွက် နေရာလေးကိုလည်း ကိုယ့်ဘာသာကိုယ်တော့ စိတ်ကူးယဉ်ပြီး လုပ်ဖို့ စဉ်းစားထားတယ်။ အလှူရှင်တွေကိုတော့ လှူပါလို့ တစ်ခါမှ မကောက်ဖူးပါဘူး။ အလှူရှင်ရှိရင်လည်း ရှိ၊ မရှိရင်လည်း အစ်မ ငွေနဲ့ပဲ ဆောက်မယ်ဆိုတဲ့ စိတ်ကူးပဲ ရှိပါတယ်”လို့ သရုပ်ဆောင် ခိုင်းနှင်းဝေက ပြောပါတယ်။

ဒီ ဂေဟာသစ်ကိုတော့ လာမယ့်နှစ် ဇန်နဝါရီလအတွင်း စတင်တည်ဆောက်သွားမှာဖြစ်ပြီး ဂေဟာသစ်မှာ ရင်ခွင်မဲ့ မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံရင်သွေးလေးတွေကို ကယ်တင်ရင်း ပြုစုစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးမယ်လို့ဆိုပါတယ်။ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို တဖက်တစ်လမ်းက လုပ်ဆောင်နေရင်း ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ သူမဟာ ရင်ခွင်မဲ့ မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံရင်သွေးလေးတွေ အယောက် ၉၀ နီးပါးကို ကယ်တင် စောင့်ရှောက်ပေးနေပြီး ကျောင်းနေအရွယ် ကလေးတွေကို ပညာတွေသင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။

“အစ်မကတော့ စွန့်ပစ်တဲ့ကလေးတွေ၊ ဒုက္ခရောက်နေတဲ့ ကလေးတွေရှိနေသရွေ့တော့ ကယ်ပေးနေဦးမှာပါ။ အရင်ကတည်းက မီဒီယာတွေက မေးကြတယ်။ ကလေးတွေ မွေးတဲ့အချိန်မှာ စိတ်ပင်ပန်းမှုရှိလား၊ သူတို့ ကြီးလာရင် အလှူရှင်မရှိတော့ဘူးဆိုတဲ့ အခြေအနေကို စိတ်ညစ်လားဆိုပြီး မေးကြတယ်။ အစ်မကလေးတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်တာမျိုးမရှိဘူး။ စားစရာ ရှိတာ မရှိတာ မပူဘူး။ သူ့အလိုလိုရောက်လာတာပဲ။ ဒီလို အခြေအနေမဟုတ်ဘဲ ဟိုအရင်က မြောက်ဒဂုံမှာ နေကတည်းက ကလေးတွေကို တစ်ခုခု လုပ်ပေးချင်လိုက်တာမျိုးဖြစ်ရင်ကို ဖြည့်ဆည်းပေးမယ့်သူက အလိုလိုရောက်လာတယ်။ သူတို့ရဲ့ ကုသိုလ်ကံကြောင့်လည်း ပါသလို အစ်မရဲ့ စေတနာမေတ္တာကြောင့်လည်း ပါမှာပေါ့။ အစ်မက သူတို့အပေါ်မှာ ထားတဲ့ စေတနာမေတ္တာကို ဘယ်တော့မှ မလျော့ဘူး။ ဥပမာ- ပြောရမယ်ဆိုရင် အစ်မဆီမှာ ပိုက်ဆံတစ်သောင်းပဲရှိလို့ သူတို့ကို လျှော့ကျွေးလိုက်မယ်ဆိုတဲ့ စိတ်မရှိဘူး။ အဲဒါကြောင့်လည်း အခုလိုမျိုး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကလည်း အလိုလိုဖြစ်လာတာ ထင်တယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမှုရှိလားဆိုရင် အခုထိကို မရှိသေးဘူး။ နောင်အနာဂတ်ကို တွေးပူလား ဆိုရင်လည်း မပူဘူး။ အလှူရှင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါရအောင် လုပ်မယ်ဆိုတဲ့ စိတ်ပဲထားတယ်။ ကိုယ့်ရဲ့ မေတ္တာစေတနာတွေ စစ်မှန်လို့ အလှူရှင်တွေကလည်း လာလှူပေးကြတာ ထင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *