MT News

၇. ၁၁. ၂၀၂၃

မြန်မာနဲ့ အိန္ဒိယအစိုးရတို့အကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects- QIP)” အကောင်အထည်ဖော်ဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည် တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ “မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဇုန်ဒေသရှိ မိုးခေါင်ရေရှား ကျေးရွာများတွင် ဆိုလာစွမ်းအင်ဖြင့် ရေပေးဝေရေးစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “ဌာနဆိုင်ရာ အီလက်ထရောနစ် စာကြည့်တိုက် စီမံချက်ဆိုင်ရာ နားလည်မှု စာချွန်လွှာ”တို့ကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းတိုးနဲ့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတ နိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့ လက်မှတ်ရေးထိုးကြပြီး “ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ အသေးစားလေစွမ်းအင်ဖြင့် ကျေးလက်ဒေသများ လျှပ်စစ်မီးပေးရေး စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြပါတယ်။

စုစုပေါင်း စီမံချက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရှိတဲ့ အဆိုပါ နားလည်မှုစာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးနိုင်မှုကြောင့် အပူပိုင်းဇုန် မိုးခေါင်ရေရှားတဲ့ဒေသတွေ ဆိုလာစွမ်းအင်နဲ့ သန့်ရှင်းသောရေ လုံလောက်စွာပေးဝေနိုင်တာ၊ အီလက်ထရောနစ် စာကြည့်တိုက် တည်ထောင်နိုင်တာ၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို လေစွမ်းအင်နဲ့ လျှပ်စစ်မီးပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

Quick Impact Project (QIP) ဟာ စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခု အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး အလားတူစီမံချက်တွေကို မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှု အထောက်အကူဖြစ်စေဖို့ အိန္ဒိယအစိုးရနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *