၆. ၁၁. ၂၀၂၃
Written by Phyo Wei

နိုင်ငံရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံမှာ တိမ်းရှောင်နေချိန် အရက်ထွက်ဝယ်လို့ ဖမ်းခံရဖူးတယ်လို့ လူသိများတဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဒါမှမဟုတ် ကဗျာဆရာမောင်တင်သစ်ရဲ့ Ministry of Defence – (National Unity Government Myanmar Page) ဟာ အရက်သောက်နေတဲ့စားပွဲဝိုင်းပုံ တင်မိတဲ့အတွက် တောင်းပန်ချက်ထုတ်လာခဲ့သလို PDF တွေက အသေခံတိုက်နေချိန် ဝန်ကြီးဆိုသူက ပြည်သူလှူတဲ့ငွေနဲ့ အရက်သောက်နေတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ လာမဲ့ ဒီဇင်ဘာမှာ ဘင်္ဂါလီဒုက္ခသည် ၃၀၀၀ ကို မြန်မာနိုင်ငံဆီ ပြန်ခေါ်ဖို့ အစီအစဉ်တွေရှိနေတာလည်း တွေ့ရသလို အိန္ဒိယကလည်း အမေရိကန်၊ မြန်မာနိုင်ငံတို့နဲ့စစ်ရေးလေ့ကျင့်မယ်လို့ ထုတ်ပြောလာပါတယ်။

တစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူဦးရေ ၅၀၀၀၀ နီးပါးရှိလာသလို ကုန်စျေးနှုန်းတွေလည်း သုံးဆလောက်တက်လာတယ်ဆိုတဲ့ ဖြစ်စဉ်တွေကို ကုလသမဂ္ဂဘက်က ထုတ်ပြောလာပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ လက်လွှတ်လိုက်ရတဲ့ မြို့တွေ ပြန်လည်ရယူနိုင်ဖို့ကြိုးပမ်းမယ်ဆိုတာ၊ တရုတ်နိုင်ငံတောင်းဆိုလာတဲ့ နယ်စပ်တည်ငြိမ်ရေးအကြောင်းနဲ့ အလှမ်းဝေးနေဆဲ ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွေအကြောင်း အင်ဒိုနီးရှားဖွင့်ဟလာတာတွေ သုံးသပ်ချင်ပါတယ်။

လက်လွှတ်လိုက်ရတဲ့ မြို့တွေ ပြန်လည်ရယူနိုင်ဖို့ကြိုးပမ်းမှု

“ကျွန်‌တော်တို့အနေနဲ့ကတော့ မနေ့က နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သလို မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်တယ်။ တချို့ဆုံးရှုံးခဲ့ရတဲ့ နေရာတွေရှိတယ်။ ဒါတွေသည်လည်း နယ်စပ်ဒေသမှာရှိတဲ့ မြို့တွေသာဖြစ်ပါတယ်။ စခန်းငယ်လေးတွေရှိတယ်။ ဒါတွေကိုလည်း ပြန်လည်ပြီး နယ်မြေစိုးမိုးမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလာပါတယ်။

MNDAAA ၊ AA နဲ့ TNLA တို့ သုံးဖွဲ့ ဖော်ဆောင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေကြောင့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ဆယ်နဲ့ချီ သေဆုံးဖမ်းဆီးခံခဲ့ရသလို ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် နယ်စပ်မြို့သုံးမြို့ သိမ်းယူခံခဲ့ရတဲ့အပြင် စခန်းငယ် ၁၀၀ ကျော်လည်း သိမ်းယူထားတယ်လို့ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ချက်တွေ အပေါ် ပြောပြလာတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီတိုက်ပွဲတွေမှာ လက်နက်တွေထောက်ပံ့ပြီး ဝင်ပါနေတဲ့ KIA ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သလို ဆက်လုပ်နေရင် ဆက်တိုက်မယ်လို့လည်း သတိပေးချက် ထုတ်ပြန်ခဲ့တာ တွေ့ရပါသေးတယ်။

တရုတ်တောင်းဆိုတဲ့ နယ်စပ်တည်ငြိမ်ရေး

တရုတ်နိုင်ငံအနေနဲ့ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်မှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းမှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ Zhang Youxia က မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆိုလိုက်သလို မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က ထုတ်ဖော်ပြောဆိုလာပါတယာ်။

” တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တိုက်တွန်းပါတယ်။ တရုတ်နယ်စပ်ဒေသမှာ နေထိုင်နေသူတွေရဲ့အသက်အိုးအိမ်၊ စည်းအိမ်တွေ ဘေးကင်းမှုဖြစ်စေဖိုနဲ့ လုံခြုံရေးဆောင်ရွက်မှုတွေ ပိုမိုကောင်း မွန်စေဖို ထိရောက်တဲ့အစီအမံတွေလုပ်ဆောင်နိုင်ဖို မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို တောင်းဆိုပါတယ်” လို Nong Rong က ပြောခဲ့ပါတယ်။

တရုတ် – မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA ၊ TNLA နဲ့ MNDAA တို့က ၁၀၂၇ စစ်ဆင်ရေးလုပ်ဆောင်နေပြီး မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေဟာ နိုဝင်ဘာ ၄ ရက်နေ့က တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးကာ ဒဏ်ရာအများအပြားရရှိစေခဲ့တယ်လို့  Asia Times သတင်းဌာနက ဖော်ပြထားပြီး ဒီဖြစ်စဥ်အပြီးမှာ ထုတ်ပြောလာတာလည်း ဖြစ်သလို လက်ရှိမှာလည်း မြန်မာနယ်စပ်ဘက်က တရုတ်ပြည်သူတွေကို တရုတ်အစိုးရက မြန်မာဘက်က ပစ်ခတ်မှုတွေနဲ့ လွတ်ကင်းရာနေရာကို ရွှေ့ပေးနေတယ်လို့ သတင်းတွေ တွေ့မြင်ရပါတယ်။ တကယ်တော့ တရုတ်နယ်စပ်က လက်နက်ကိုင်တွေကို တရုတ်နိုင်ငံက ထောက်ပံ့ပေးထားတယ်လို့ မြန်မာပြည်သူအများစု ယူဆထားတာဖြစ်ပြီး လက်ရှိအချိန်မှာ ခေါင်းပြန်ထောင်လာတဲ့ MNDAA ဟာ တရုတ်ဘက်ကို ထွက်ပြေး၊ အားမွေးပြီးမှ ပြန်လာ လှုပ်ရှားနေတဲ့ သမိုင်းတွေလည်း ရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ တရုတ်ရဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးတောင်းဆိုမှုဟာ နယ်စပ်က လက်နက်ကိုင်တွေကို နှိမ်နင်းရေးပူးပေါင်းမယ်လို့ ပြောချင်တာလား၊ တရုတ်ကျားဖြန်လူလိမ်ဂိုဏ်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားလို့ ဒါတွေကို အမြစ်ပြတ်ချင်တာလား ဒါမှမဟုတ် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်ချင်တာလားဆိုတဲ့ အခြေအနေတွေကတော့ ဝေခွဲရခက်နေတုန်းပါပဲ။

အလှမ်းဝေးဆဲ ရင်ကြားစေ့ရေး ဆွေးနွေးပွဲ

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာစေဖို ကြိုးပမ်းနေပေမဲ့ အလားအလာနည်းပြီး နီးစပ်မှုမရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ 2023 ASEAN Media Forum မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးနောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေး အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို ကြိုးပမ်းခဲ့ရာမှာ ဇန်နဝါရီလကနေ အခုအချိန်အထိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲစည်းတွေနဲ့ အကြိမ်ပေါင်း ၁၈၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲအစည်းတွေထဲမှာ SAC နဲ့ NUG တို့လည်းပါဝင်ခဲ့တာဖြစ်သလို ဆွေးနွေးမှုတွေ လုပ်ဆောင်ရာမှာတော့ လူချင်း တွေ့ဆုံဆွေးနွေးတာ၊ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးတာနဲ့ ဖုန်းဆက်ကာ ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့တယ်လို သိရပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်တုံ့ပြန်မှုတွေကို စဉ်းစား သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မကြာခင်ဖြစ်လာဖို အလားအလာနည်းတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ လက်ရှိအချိန်မှာ ဖြစ် လာစရာအကြောင်းမမြင်ရသေးဘဲ NUG ဟာလည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို မှီပြီး သူတို့ကလည်း နေရာအနှံ့ကို အပြင်းအထန်ဝင်တိုက်နေတာကြောင့် ဒီနေ့မှာကို ခရိုင်အဆင့်မြို့ကြီးဖြစ်တဲ့ ကောလင်းမြို့ကို NUG သိမ်းပြီး PDF အလံလွှင့်ထားတဲ့ဖြစ်စဉ်မြင်ခဲ့ရပါတယ်။ ဒီနေရာမှာ NUG ဟာ ၂၀၂၃ က အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့ ကြုံးဝါးထားတာ၊ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ တော်လှန်ရေးအောင်မြင်မယ်လို့ ပြော ထားတာတွေကို အဖတ်ဆည်နိုင်ဖို့ မြို့အများအပြားကို ချောင်းမြောင်းသိမ်းပိုက်မှာဖြစ်တာမို့လို့ မြန်မာနယ်စပ်က ရဲစခန်းတစ်ခုလောက်ပဲ ရှိနေတဲ့ မြို့ငယ်တွေအများအပြား သိမ်းဖို့ အားထုတ်ခံရနိုင်သလို အဲဒီလို မြို့ငယ်တွေက ပြည်သူတွေကတော့ နှစ်ဖက် ပစ်ခတ်မှုကြားမှာ စစ်ကို ဖိတ်ခေါ်တဲ့အကျိုးဆက်ကို ခံစား၊ အသက်နဲ့ စည်းစိမ်ဥစ္စာများကိုပါ ဖက်နဲ့ထုပ်ပြီး ပြေးကြလွှားကြဖြစ်ရမှာကို ကြိုတင်ရင်ဆိုင်ဖို့ ပြင်ကြပါတော့လို့ သတိပေးရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *