၆. ၁၁. ၂၀၂၃
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်း ဆက်တိုက်တည်ငြိမ်ခဲ့သဖြင့် ကျပ် ၃၅ သိန်းသို့ ရောက်ရှိနေသည့် ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာခြင်းမရှိသေးဘဲ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းဖြင့်သာ တည်ငြိမ်နေသည်။
နိုဝင်ဘာလ ၆ ရက်(ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စကို ၁,၉၈၇ ဒေါ်လာဖြင့် နိုဝင်ဘာလ ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအတိုင်း ဖြစ်ပေါ်လျက်ရှိပြီး ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာကို ကျပ် ၃,၂၇၀ ဖြင့် ငါးရက်ဆက်တိုက် တည်ငြိမ်နေခြင်းဖြစ်သည်။
ယနေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ရည်ညွှန်း ရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၀၀,၈၀၀ သတ်မှတ်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နှင့် နှိုင်းယှဉ်ပါက ကျပ် ၄,၀၀၀ ကျော် လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် လက်ဝတ်ရတနာအတွက် အများဆုံးဝယ်သည့် ၁၅ ပဲရည်ရွှေဈေးနှုန်း ကျပ် ၃၃ သိန်းဖြစ်ပေါ်လျက်ရှိပြီး ဈေးကွက်အတွင်း အခေါက်ရွှေ ၁၆ ပဲရည်နှင့် ၁၅ ပဲရည် ရွှေဈေးနှုန်းမှာ ကျပ်နှစ်သိန်းကွာဟမှုရှိကြောင်း သိရသည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ နိုဝင်ဘာလ ၂ ရက်တွင် ရွှေဈေးနှုန်း ၃,၅၀၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ်၊ နိုဝင်ဘာလ ၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ်၊ နိုဝင်ဘာလ ၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ်၊ နိုဝင်ဘာလ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၅၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။
