၃၁. ၁၀. ၂၀၂၃
Written by Nay Aung

မလေးရှားအာဏာပိုင်များသည် နိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို ရှောင်တခင် မကြာခဏစစ်ဆေးဖမ်းဆီးမှုများလုပ်ဆောင်နေရာ ပြီးခဲ့သောရက်ပိုင်းကလည်း Negri Sembilan ပြည်နယ်၌ ငါးရက်အတွင်း မတူညီသောနေရာအများအပြားကို စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားများအပါအဝင် အနည်းဆုံးလူပေါင်း ၂၁၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မလေးရှား Negri Sembilan ပြည်နယ် လူဝင်မှုကြီးရေးဌာန ညွှန်ကြားရေးမှူး Kennith Tan Aik Kiang က အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ပြီး ပြည်နယ်အတွင်းတရားမဝင်ရောက်ရှိနေထိုင်သူများကို စစ်ဆေးဖမ်းဆီးခဲ့ရာ ငါးရက်အတွင်း အနည်းဆုံးလူပေါင်း ၂၁၆ ဦးဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိခဲ့သူများထဲတွင် အမျိုးသမီး ၇၁ ဦးပါဝင်ခဲ့ကြောင်း ပြောသည်။ ၎င်းက “ကျွန်တော်တို့ဟာ စစ်ဆေးမှု ဖမ်းဆီးမှု ၇၄ ကြိမ်လုပ်ဆောင်ခဲ့တယ်။ အခြားအေဂျင်စီ ၁၀ ဖွဲ့နဲ့ပူးပေါင်းပြီး လုပ်ခဲ့တာမျိုးဖြစ်တယ်။ နိုင်ငံခြားသားတွေကို အဓိကပစ်မှတ်ထားစစ်ဆေးခဲ့တယ်။ ငါးရက်အတွင်းမှာ နိုင်ငံခြားသား ၁၅၉၇ ဦးကို စစ်ဆေးခဲ့တယ်။ အဲဒီလိုမျိုး စစ်ဆေးချိန်အတွင်း နိုင်ငံခြားသား ၂၁၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တယ်”ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-31_15-27-00-1024x768.jpg

ဖမ်းဆီးခံရသောနိုင်ငံခြားသား ၂၁၆ ဦးထဲတွင် မြန်မာ နိုင်ငံသားအများဆုံးပါဝင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနိုင်ငံများလည်းပါဝင်ခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။

ပြည်နယ်အတွင်း ငါးရက်ကြာပြုလုပ်ခဲ့သော စစ်ဆေးဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၁၅၃ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၈ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံသား ၄ ဦးစီတို့အပြင် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးဖမ်းဆီးခဲ့ရကြောင်း Kennith Tan Aik Kiang က ပြောသည်။

၎င်းက “ဖမ်းဆီးထိန်းသိမ်းခဲ့သူအားလုံးကို လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကို ပို့ဆောင်သွားပြီး ထပ်မံစစ်ဆေးမယ်”ဟုဆိုသည်။

အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများကို ၁၉၅၆/၆၃ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ၁၉၆၃ ခုနှစ်က ထုတ်ပြန်သည့် လူဝင်မှုကြီးကြပ်ရေးစည်းကမ်းများနှင့်စစ်ဆေးကာ စွဲချက်တင်သွားမည်ဖြစ်သည်။

Ref; thestar

Leave a Reply

Your email address will not be published. Required fields are marked *

Related News