◼️ စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူ ၁၀,၀၀၀ နီးပါး ရှိလာ

၃၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးမြေပြင်တပ်ဖွဲ့များက အောက်တိုဘာ ၃၀ တွင် တင့်ကားများ၊ သံချပ်ကာကားများဖြင့် ဂါဇာကမ်းမြောင်အတွင်း အဓိကမြို့ကြီးဖြစ်သော ဂါဇာမြို့သို့ရောက်သည်အထိ စစ်ဆင်ချီတက်လာကြကာ ဟားမားစ်တို့ ဖမ်းဆီးထားသော အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကလည်း အစ္စရေးအနေဖြင့် ဂါဇာဒေသတွင် အပစ်အခတ်ရပ်ဆိုင်းမှုများပြုရန် တောင်းဆိုချက်များကို ဆက်လက်၍ပယ်ချဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဖမ်းဆီးခံရမှုမှ ကယ်တင်နိုင်ခဲ့သော အသက် ၁၉ နှစ်ရှိ အစ္စရေးတပ်ဖွဲ့ဝင် အမျိုးသမီး အိုရီ မီဂီဒစ်ရှ် ကလည်းအခြေအနေ ကောင်းမွန်ကာ ၎င်း၏မိသားစုနှင့် ပြန်လည်တွေ့ဆုံပြီးဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က ကြေညာချက်ထုတ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက စစ်ပွဲမှာ ခက်ခဲပြင်းထန်ပြီး ကြာမြင့်လိမ့်မည်ဟုပြောခဲ့သော်လည်း ဖမ်းဆီးခံဓားစာခံများ လွယ်ကူစွာပြန်လွတ်ရေးအတွက် အပစ်အခတ်ရပ်ဆိုင်းပေးရန်တောင်းဆိုချက်များကို လက်မခံဘဲ အစ္စရေးအားအပစ်အခတ်ရပ်ဆိုင်းရေးတောင်းဆိုမှုက ဟားမားစ်တို့ထံ လက်နက်ချရန် တောင်းဆိုခြင်းသာ ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-31_11-47-21.jpg

ဟားမားစ်နှင့် အခြားစစ်သွေးကြွအုပ်စုများက ဖမ်းဆီးထားသော ဓားစာခံအရေအတွက်မှာ စုစုပေါင်း ၂၄၀ ခန့် ရှိမည်ဟု ယုံကြည်ရပြီး အစ္စရေးအစိုးရကလည်း ဂါဇာဒေသတွင် ဟားမားစ်တို့ကို အမြစ်ပြတ် ချေမှုန်းကာ ဒေသအား ၁၆ နှစ်ကြာအုပ်ချုပ်နေမှုအား အဆုံးသတ်မည်ဟု‌ပြောကြားထားသည်။အစ္စရေး၏ မြေပြင်ထိုးစစ်များ ပိုမိုပြင်းထန်လာနေမှုနှင့်အတူ ဂါဇာမြို့၏မြောက်ဘက်နှင့်အရှေ့ဘက်တို့တွင်ပြင်း ထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ အစ္စရေးစစ်ဖက်ကလည်း လူဦးရေ ၆၅၀,၀၀၀ နေထိုင်ရာ ဂါဇာမြို့အတွင်း ကီလိုမီတာ ရာနှင့်ချီသောလိုဏ်ခေါင်းများအပါအဝင် ဟားမားစ်တပ်ဖွဲ့များနှင့် ၎င်းတို့၏ စစ်ဖက်အဆောက်အအုံများစွာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဇာမြို့တည်ရှိရာ ဂါဇာကမ်းမြောင်ဒေသ၏မြောက်ပိုင်းမှ ပါလက်စတိုင်းပြည်သူများအား ဂါဇာဒေသ၏တောင်ပိုင်းသို့ ရွှေ့ပြောင်းကြရန် အစ္စရေးက ၎င်း၏မြေပြင်ထိုးစစ်မစတင်မီ ကြေညာခဲ့သော်လည်း ဒေသခံပြည်သူအများအပြားက မြောက်ပိုင်း၌ပင် ဆက်လက်ရှိနေကြသေးသည်။ ပြည်သူ ၁၁၇,၀၀၀ ခန့်က ဂါဇာဒေသမြောက်ပိုင်းအတွင်း တိုက်ခိုက်မှုများမှတိမ်းရှောင်၍ ဆေးရုံများတွင် လူနာများ၊ ဆေးရုံ ဝန်ထမ်းများနှင့်အတူနေထိုင်နေကြကြောင်း သိရသည်။ ဂါဇာကမ်းမြောင်တစ်ခုလုံးတွင် လူဦးရေ ၂ ဒသမ ၃ သန်းခန့်ရှိသည့်အနက် ယခုအခါ ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းခန့်မှာ မိမိတို့အိမ်ရာများကို စွန့်ခွာထွက်ပြေးနေကြကြောင်း ကုလသမဂ္ဂက ပြောခဲ့သည်။

စစ်ပွဲကာလအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးရသူ ပါလက်စတိုင်းပြည်သူအရေအတွက်က အောက်တိုဘာလ ၃၀ ရက်တွင် ၈,၃၀၀ ဦးကျော်သွားပြီး၎င်းတို့တွင် အမျိုးသမီးများနှင့်ကလေးငယ်များက အများစုဖြစ်ကြောင်း ဂါဇာဒေသ ပါလက်စတိုင်းအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။ အစ္စရေးတို့ဘက်မှလည်းစစ်ပွဲအစပိုင်းတွင် ဟားမားစ်တို့၏အကြမ်းဖက်သတ်ခံရသူများ အဓိကပါဝင်သော သေဆုံးသူ ၁,၄၀၀ ဦးကျော်သွားပြီဖြစ်ရာ စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူ စုစုပေါင်း ၁၀,၀၀၀ နီးပါး အထိရှိလာပြီဖြစ်သည်။

Ref——-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *