MT News

Written by Nay Aung

မလေးရှားရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ကွာလာလမ်ပူမြို့ရှိ လက်ကားဈေးတစ်ခုကို ဝင်ရောက်စီး နင်းခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် တရားဝင်အထောက်အထားမရှိသော နိုင်ငံခြားသား ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မလေးရှားရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးဌာန အကြီးအကဲတစ်ဦးဖြစ်သူ Zulkifli Jonit က ဖမ်းဆီးရမိသူများထဲတွင် မြန်မာ နိုင်ငံသား၊ အိန္ဒိယနိုင်ငံသား၊ အင်ဒိုနီးရှားနိုင်ငံသားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသားအများဆုံးပါဝင်ခဲ့ပြီး ၄၆ ဦးဖမ်းဆီးခဲခဲ့ရကာ အင်ဒိုနီးရှားနိုင်ငံသား ၂၈ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦး၊ အိန္ဒိယနိုင်ငံသား ၁၉ ဦးတို့ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မလေးရှားရဲတပ်ဖွဲ့က “စီးနင်းချိန်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော် ဖမ်းမိခဲ့တယ်။ အဲဒီ နိုင်ငံခြားသား ၁၀၆ ဦးဟာ တရားဝင် အထောက်အထား၊ စာရွက်စာတမ်းမရှိကြပါဘူး။ အဲဒီသူတွေဟာ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူတွေဖြစ်တယ်” ဟု ပြောသည်။

မလေးရှားရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးဌာနသည် ဖမ်းဆီးရမိသူများကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အထူးစစ်ဆင်ရေးဌာန အကြီးအကဲတစ်ဦးဖြစ်သူ Zulkifli Jonit က “ကျွန်တော်တို့ဟာ ဖမ်းဆီးရှာဖွေမှုတွေကို အချိန်တိုင်းလုပ်ဆောင်နေတယ်။ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ် သံသယရှိသူတွေ၊ ဒါမှမဟုတ် သံသယဖြစ်ဖွယ်ကောင်းတဲ့လှုပ်ရှားမှုတွေ ရှိနေတဲ့သူတွေကို သတင်းပေးကြဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် အဓိကဦးစားပေးဆောင်ရွက်သွားမယ်” ဟု ပြောသည်။

မလေးရှားအာဏာပိုင်များသည် ဖမ်းဆီးရမိသည့် နိုင်ငံခြားသား ၁၀၆ ဦးကို ၁၉၅၉ ခုနှစ်က ထုတ်ပြန်ခဲ့သော လူဝင်မှုကြီး ကြပ်ရေးဥပဒေ ချိုးဖောက်မှုအပါအဝင် အခြားစွဲချက်များဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref; thestar

Leave a Reply

Your email address will not be published. Required fields are marked *