၁၄. ၁၀. ၂၀၂၂

Written by Thettant

ယခုဘဏ္ဍာနှစ်သုံးလအတွင်း ဝန်ကြီးဌာနများက ကျပ် ၅၃၇၆ ဘီလျံကျော်သုံးစွဲထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၅၀၃ ဘီလျံကျော် သုံးစွဲထားသည်ဟု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွက် ရငွေနှင့်အသုံးစရိတ်စာရင်းများအရ သိရသည်။

ဝန်ကြီးဌာနများ၏ ရငွေမှာ ကျပ် ၄၀၂၀ ဒသမ ၇ ဘီလျံသာရှိပြီး အသုံးစရိတ်မှာ ကျပ် ၅၃၇၆ ဒသမ ၉ ဘီလျံရှိသဖြင့် လိုငွေမှာ သုံးလအတွင်း ကျပ် ၁၃၅၆ ဒသမ ၂ ဘီလျံဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

ဝန်ကြီးဌာနများအနေဖြင့် သုံးစွဲမှုတွင် ပုံမှန်စရိတ်များအပြင် COVID-19 နှင့် CERP အတွက် သုံးစွဲမှုများပါ ပါဝင်နေသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အများဆုံးသုံးစွဲရာတွင် ကျပ် ၂၄၅၃ ဒသမ ၃ ဘီလျံကျော်သုံးစွဲကာ ရငွေမှာ ကျပ် ၂၂၆၇ ဒသမ ၇ ဘီလျံဖြစ်၍ လိုငွေ ကျပ် ၁၈၅ ဒသမ ၇ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။ ဒုတိယအများဆုံးသုံးစွဲသည့် ဝန်ကြီးဌာနဖြစ်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ယခင်) က ကျပ် ၁၃၁၈ ဘီလျံကျော် သုံးစွဲခဲ့သော်လည်း ရငွေ ကျပ် ၁၂၅၄ ဘီလျံကျော်ရှိသဖြင့် လိုငွေ ကျပ် ၆၄ ဘီလျံကျော်သာ ဖြစ်ပေါ်ခဲ့သည်။

တတိယအများဆုံးသုံးစွဲထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှာ ကျပ် ၅၀၃ ဘီလျံကျော်သုံးစွဲထားပြီး ရငွေမှာမူ ကျပ် ၄ ဘီလျံကျော်သာရှိသဖြင့် လိုငွေ ကျပ် ၄၉၉ ဒသမ ၄ ဘီလျံခန့်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာန ၂၉ ခုက သုံးလအတွင်း ကျပ် ၅၃၇၆ ဘီလျံကျော်သုံးစွဲကာ လိုငွေ ၁၃၅၆ ဘီလျံကျော်ဖြစ်ပေါ်စေခဲ့သည့် လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပိုငွေ ကျပ် ၇ ဒသမ ၂ ဘီလျံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျပ် ၉၅၃ သန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် သန်း ၁၀၄၀ ကျော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့က ကျပ် ၅၄ ဘီလျံကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကျပ် ၃၇ ဘီလျံကျော်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကျပ် ၁၇၅၉ သန်းကျော် ပိုငွေပြခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *