၇. ၁၀. ၂၀၂၃
Written by Nyein Kyaw
ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်နိုင်ရန် ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု ၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မြန်မာ့မီးရထား၊ မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဟူ၍ရှိပြီး ရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် သက်သာခြင်းသည် ပြည်သူလူထု၏ နေ့စဉ်လူမှု၊ စီးပွားဘ၀ သက်သာချောင်ချိရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
