၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ဒီမိုကရက်ပါတီ လွှတ်တော်အမတ်ဟောင်း ဝတ်ချာရာ ပက်သွန်က ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှင်နာဝပ်ထရာ ၏ ဆေးရုံတင်ကုသမှုခံနေရစဉ်အတွင်း ၎င်း၏ ပတ်ဝန်းကျင်အခြေအနေကို စုံစမ်းစစ်ဆေးမှုပြုပါရန် အောက်လွှတ်တော်၏ ရဲတပ်ဖွဲ့အရေးအခင်းများ ဆိုင်ရာကော်မတီသို့ အောက်တိုဘာ ၆ ရက်က တောင်းဆိုခဲ့ကြောင်းသိရသည်။

သက်ဆင်၏ ပြစ်ဒဏ်ကာလအတွင်း ကျန်းမာရေးအခြေအနေကြောင့် ရဲတပ်ဖွဲ့ဆေးရုံသို့ အထူးဆေးကုသမှုခံယူရန် တင်ပို့ထားခြင်းဖြစ်သည်။ ထိုအခြေအနေအပေါ်ဒီမိုကရက်ပါတီ လွှတ်တော်အမတ်ဟောင်း ဝတ်ချာရာ ပက်သွန်က အောက်လွှတ်တော်ကော်မတီသို့ ၎င်းအနေနှင့်တောင်းဆိုမှုပြုရေး စီစဉ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သက်ဆင်နှင့် ၎င်း၏မြေးငယ်တို့ ရေကူးကန်တစ်ခုအတွင်း များမကြာမီရက်များကမှဟု ယူဆရသော ဆော့ကစားနေကြသည့် ဓာတ်ပုံတစ်ပုံကိုလည်း သတင်းစာရှင်းပွဲတွင် ပြသခဲ့သည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အဂတိမှုများဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန်တရားရုံးချုပ်က စီရင်ချက်ချခဲ့ပြီးနောက် အကျဉ်းထောင်သို့ ပို့ခဲ့ရာတွင် ၁၃ နာရီအကြာ ဩဂုတ် ၂၂ ရက်ကပင် ရဲတပ်ဖွဲ့ဆေးရုံသို့ ဆေးစစ်ကုသမှုများပြုရန်တင်ပို့ခဲ့သည်။ ၎င်းမှာ ယခုထိ ဆေးရုံတွင်ရှိနေဆဲဖြစ် ပြီး ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့က သက်ဆင်အနေဖြင့် မည်သည့်အခွင်ုအရေး၊ အကျိုးထူးကိုမှ ရယူခံစားနေရခြင်းမရှိဟု ငြင်းဆိုခဲ့ကြသည်။

ဝတ်ချာရာ ပက်သွန်ကမူ သက်ဆင်အနေဖြင့် မည်သည့်စံနှုန်းသတ်မှတ်ချက်ကြောင့် ရဲတပ်ဖွဲ့ဆေးရုံ၌ကုသမှု ခံယူနေရသည်ကို အောက်လွှတ်တော်ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရန်နှင့် ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက် ဆပ်ဗီမောလ်ကို ဆင့်ခေါ်၍ အဆိုပါဓာတ်ပုံအတွင်းမှရေကူးကန်က ဆေးရုံ၏မည်သည့်အထပ်တွင် ရှိသည်ကို ရှင်းလင်းပြောကြားစေရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းက အကယ်၍ Exim ဘဏ် အမှုကိစ္စတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆင်ထံမှ လျော်ကြေး ရယူလိုကြောင်း တောင်းဆိုမှုများပြုလုပ်လာပါက တရားရုံးများနှင့်လွတ်လပ်သော အေဂျင်စီများအရေး ကိစ္စများဆိုင်ရာ အောက်လွှတ်တော်ကော်မတီက သေချာစွာ လေ့လာစိစစ်သွားရန် တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဒီမိုကရက်တို့က သက်ဆင်အနေဖြင့် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်း၏ တယ်လီဆက်သွယ်ရေးကုမ္ပဏီတွင် အကျိုးအမြတ်များရစေရန် Exim ဘဏ်အား မြန်မာနိုင်ငံသို့ ဘတ်ငွေလေးဘီလျံ ချေးငွေ ထုတ်ပေးရန် အမိန့်ပေးခဲ့သည့်အတွက် အပြစ်ရှိကြောင်းနှင့်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(NACC)က ဘဏ္ဍာရေးဝန်ကြီးဌာနအား သက်ဆင်ထံမှလျော်ကြေးရယူရန် တိုက်တွန်းခဲ့သည်ဟု ပြောကြသည်။

Ref—— Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *