◾ ဆိုင်ကယ်တက္ကစီသမား စိုးရိမ်ရ ဒဏ်ရာရထားပြီး ကျုးလွန်သူကို ပြည်သူ့စစ်များဖြင့်ပါ ရှာဖွေ

၄.၁၀.၂၀၂၃
Written by Peya

တာချီလိတ်မြို့နယ်တွင် ယမန်နေ့က ဆိုင်ကယ်တက္ကစီမောင်းသူကို ဓားဖြင့်ထိုးပြီး လုယက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ပြန် လည်ခုခံသောကြောင့် အနီးရှိလယ်ကွင်းထဲ လုယက်သူဆင်းပြေးသွား၍ ကျူးလွန်သူကို ရှာဖွေနေကြောင်းနှင့် ခုခံသူတက္ကစီသမားမှာ အပြင်းအထန် ဒဏ်ရာရသွားကြောင်း ရွှေမယ်ယန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း ၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းကိုး မလိပါကောရွာသို့ ဆိုင်ကယ်ကို ငှားရမ်းရာ ရွာထိပ်သို့ အရောက်တွင် နောက်ကျောက ဓားဖြင့် ထိုးသွားခြင်း ဖြစ်သည်။

“လူနာရဲ့ အသက်အန္တရာယ် အခြေအနေက ဒီမှာတော့ ဘယ်လိုရှိသလဲ မသိရသေးပါဘူး။ မနေ့ကတော့ ငါးဆယ်၊ ငါးဆယ် အခြေအနေလို့ ပြောပါတယ်။ ကျူးလွန်သူရဲ့ ပုံစံက အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း၊ ဆံပင်အလယ်ခွဲနဲ့ လူငယ်လို့ ယူဆရပါတယ်။ မနက်ခင်းမှာ ကျူးလွန်သူက ဆိုင်ကယ်ဂိတ်မှာ ခဏထိုင်သေးတယ်လို့ ပြောပါတယ်။ ပြီးတော့ ဘယ်တက္ကစီ လိုက်မလဲ ကြည့်တယ်ပေါ့။ ဒီ တက္ကစီသမားက လိုက်မယ်ဆိုတော့ မလိပါကော်ရွာကို ပို့ခိုင်းပြီး ရွာထိပ်မှာ ဖြစ်သွားတာပါ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဆိုင်ကယ် တက္ကစီသမားက သတိထားမောင်းနှင်လာစဉ် ခရီးသည်က ဓားထုတ်လိုက်သည်ကို မြင်သောကြောင့် “ဘာလုပ်တာလဲ” ဟု မေးစဉ် ခရီးသည်က နောက်ကျောကို ဓားဖြင့်ထိုးသွားခြင်းဖြစ်ပြီး ဆိုင်ကယ်ကိုလှဲချလိုက်ကာ နှစ်ဦးသား လုံးထွေးစဉ် ဓားဖြင့် ထပ်ထိုးသည့်အတွက် လည်ပင်းပြတ်ရှဒဏ်ရာရခဲ့ပြီး ကျူးလွန်သူက ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်ပြီးနောက်တာဝန်ရှိသူများက ချက်ချင်းပင် ကျူးလွန်သူကို လိုက်ရှာခဲ့ကြခြင်း ဖြစ်သည်။

“အခင်းဖြစ်ပြီးတဲ့နောက် နာရီဝက် တစ်နာရီ ကြာတဲ့အထိ နောက်က လိုက်သွားတဲ့ ဆိုင်ကယ်သမားတွေက ကျူးလွန်သူကို အဲ့ဒီနေရာမှာ တွေ့နေရတုန်းပဲတဲ့။ သူက ဝေးဝေးလံလံ မပြေးဘူးပေါ့။ တောင်ကြောထဲမှာပဲ နေတော့ ကျွန်တော်တို့က တွေ့လို တွေ့ငြား ပြန်သွားရှာတယ်ဗျ။ ဘယ်လိုပြောမလဲ ကျူးလွန်သူက နောင်လည်း လုပ်မှာဆိုတော့ မနေ့က ဝိုင်းရှာပေမယ့် မတွေ့ပါဘူး။ ရာဘာခြံတောင်ကြောက တစ်မိုင်ပတ်လည်လောက် ရှိမယ်။ ကျွန်တော်တို့က ကားလမ်း၊ ဆိုင်ကယ်လမ်း ပေါက်တာပဲ သွားနိုင်တာ။ သူကခြေကျင်ဆိုတော့ ကြိုက်တဲ့နေရာ သွားလို့ရတယ်။ နယ်လည်း ကျွမ်းတယ်ထင်တယ်” ဟု အထက် ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အဆိုပါတရားခံအား သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များ၊ ရွှေတာချီလူမှုကူညီရေးအဖွဲ့များ၊ မိုင်းကိုးပြည်သူ့စစ်အပါ အဝင် အဖွဲ့များက ရှာဖွေနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *