မြန်မာနိုင်ငံသို့ လူကုန်ကူးခံရသဖြင့် ကယ်ဆယ်ခဲ့ရပြီး ဇွန်လနှင့် ဇူလိုင်လအတွင်း မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ရသော အိန္ဒိယနိုင်ငံသားများကို တွေ့ရစဥ်

◾ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသော အိန္ဒိယနိုင်ငံသား ၃၈၁ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့

၃၀. ၉. ၂၀၂၃
Translated by Tha Doe

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသော အိန္ဒိယနိုင်ငံသား ၃၈၁ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထပ်ဆင့်ဖော်ပြထားသည်။၂

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက မြန်မာနိုင်ငံရှိ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများ၏ အလုပ်အကိုင်ကမ်းလှမ်းမှုကြောင့် သားကောင်ဖြစ်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၂ ဦး (လျှို့ဝှက်ဓာတ်ပုံများ) ကိုလည်း ယနေ့တွင် မိခင်နိုင်ငံသို့ ပြန်လည်ပို့​ဆောင်ခဲ့ရာ ရန်ကုန်မှချန်နိုင်းသို့ ထွက်ခွာသွားပြီး အိန္ဒိယနိုင်ငံရှိ ၎င်းတို့၏ ဇာတိဒေသများသို့ ပြန်လည်နေထိုင်ကြမည်ဖြစ်သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသော အိန္ဒိယနိုင်ငံသား ၃၈၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုသို့ ကယ်ဆယ်နိုင်ရန် ကူညီပေးသောမြန်မာအာဏာပိုင်များနှင့် အခြားသော ကူညီပံ့ပိုးသူများကိုလည်း ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြောသည်။

ထို့အတူ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများ၏ လစာမြင့်မားစွာပေးမည်ဆိုကာ အိုင်တီနည်းပညာအလုပ်အကိုင် ကမ်းလှမ်းချက်များအတွက် သားကောင်မဖြစ်စေရေး အိန္ဒိယနိုင်ငံသားများ အထူးသတိထားရန်လည်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုများပြုလုပ်ရာ ဗဟိုချက်သဖွယ်ဖြစ်လာနေပြီး အဓိကအားဖြင့် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်တွင် အွန်လိုင်းမှလိမ်လည်သည့် တရုတ်ရာဇဝတ်ဂိုဏ်းများကြီးစိုးနေသည်။ လတ်တလောကာလတွင် တရုတ်- မြန်မာနှစ်နိုင်ငံအစိုးရချင်းပေါင်းကာ တရုတ်နယ်စပ်မှ တရုတ်ရာဇဝတ်ဂိုဏ်းများဖြိုခွင်းကာ ပြစ်မှုကျုးလွန်သူ တရုတ်နိုင်ငံသား ၂၀၀၀ ကျော်ဖမ်းဆီးနိုင်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အပေးအယူလုပ်ကာ ရာဇဝတ်မှုကျုးလွန်နေသည့် ထိုင်းနယ်စပ်ရှိ တရုတ်ရာဇဝတ်ဂိုဏ်းများကိုမူ လက်ရှိအချိန်အထိ ထိရောက်သောနှိမ်နင်းမှု မရှိသေးချေ။

Ref ; Embassy of India, Yangon

ပုံစာ။ မြန်မာနိုင်ငံသို လူကုန်ကူးခံရသဖြင့် ကယ်ဆယ်ခဲ့ရပြီး ဇွန်လနှင့် ဇူလိုင်လအတွင်း မိခင်နိုင်ငံသို ပြန်လည်ပိုဆောင်ခဲ့ရသော အိန္ဒိယနိုင်ငံသားများကို တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *

Related News