MT News

၃၀. ၉. ၂၀၂၃

MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) မှ လက်နက်ကိုင် ၂၈ ဦး အလင်းဝင်လာခဲ့သည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းသို့ သတင်းထုတ်ပြန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံလျက်ရှိပြီး MNDAA အဖွဲ့ဝင် ၂၈ ဦးသည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြရာ ပြန်လည်ကြိုဆိုလက်ခံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် MNDAA အဖွဲ့ဝင်များမှာ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူပါလာသော လက်နက်ငယ်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ ခဲယမ်းမျိုးစုံ ၂၁၇ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့အား တာဝန်ရှိသူများထံအပ်နှံခဲ့ကြရာ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *