၂၉. ၉. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် SAC အစိုးရက ကျင်းပရန်စီစဉ်နေသော အထွေထွေရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်လေ့လာသွားရမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆပ်ဝူက တိုက်တွန်းပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် SACက ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှုများအပေါ် တရုတ်၊ ရုရှားတို့က အားပေးထောက်ခံသော်လည်း အမေရိကန်ဦးဆောင်သည့်အနောက်အုပ်စုနိုင်ငံအချို့က ကန့်ကွက်ပြောဆိုခြင်းများရှိနေကြောင်း သိရသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ SAC က ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အနီး ကပ် စောင့်ကြည့်သွားရမယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိစေဖို့နဲ့ လူအခွင့်အရေးကာကွယ်မှုတွေ လုပ်ဆောင်ပေးဖို့တိုက်တွန်းပါတယ်”ဟု ပြောသည်။

ထို့အပြင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် SAC က ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟု ကတိပြုထားပြီး ယခုနှစ်အစောပိုင်းတွင်ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းများရှိခဲ့ကြောင်း သိရသည်။ SAC သည် ရွေးကောက်ပွဲကျင်းပမည်ဟု ကတိပြုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့်အချိန်ကာလကို အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် SACက ကျင်းပရန်စီစဉ်နေသော အထွေထွေ ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ထားကြောင်း သိရသည်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကို ပြစ်တင်ရှုတ် ချပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေး သမားတွေကို ကွပ်မျက်မှုတွေနဲ့ NLD ပါတီဖျက်သိမ်းခံရခြင်းကို ပြစ်တင်ရှုတ်ချပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံနှင့်ကောင်းမွန်သည့် ဆက်ဆံရေးများရှိနေသော တရုတ်နိုင်ငံကလည်း SAC က ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံထားပြီး မြန်မာရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူများသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ကာ ဆွေးနွေးမှုများရှိခဲ့ဖူးကြောင်း သိရသည်။

Ref; aljazeera

Leave a Reply

Your email address will not be published. Required fields are marked *