၂၂.၉.၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် အုပ်စိုးခန့်ကတော့ Horror, Comedy, Romanic ပဲဖြစ်ဖြစ် အနုပညာဆိုတာ အကုန်လွယ်လွယ်နဲ့မရဘဲ သူ့ ကာရိုက်တာနဲ့သူတော့ ခက်ခဲမှုတွေ ရှိတယ်လို့ ဖွင့်ဟလာပါတယ်။

သူကတော့ 𝗪 𝗘𝗻𝘁𝗲𝗿𝘁𝗮𝗶𝗻𝗺𝗲𝗻𝘁 က ထုတ်လုပ်တဲ့ Love Fancy Comedy ဇာတ်မြူးပုံစံ “အိုးမိုင်ဂေါ့ဒ် (𝗢𝗠𝗚)” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲက ကျွန်တော်ရိုက်နေကြ ကာရိုက်တာလည်း မဟုတ်ဘူး။ ဒီကားမှာ နာမည်က ခင်မောင်သိန်းထွန်းဝင်းပေါ့နော်။ ဒါပေမယ့် အဝင်းဆိုတဲ့ ကောင်လေး အခွီပုံစံလေး ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်ပိုင်းကတော့ Horror, Comedy, Romanic ပဲဖြစ်ဖြစ် အနုပညာဆိုတာ အကုန်လွယ်လွယ်နဲ့မရပါဘူး။ သူ့ကာရိုက်တာနဲ့သူတော့ ခက်ခဲမှုတွေရှိတယ်။ ကျွန်တော်တို့ အင်နဲ့အားနဲ့ ကာရိုက်တာပီပြင်အောင်တော့ ဒီဇာတ်ကားမှာ ကြိုးစားသရုပ်ဆောင်ထားတယ်။ ဒီကားလေးက ကိုရီးယားဆန်ဆန် Love, Comedy ဇာတ်လမ်းတွဲလေးပါ ”လို့ သရုပ်ဆောင် အုပ်စိုးခန့်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ညမွှေးပန်းက ရေးသားပြီးတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်က သရုပ်ဆောင် ဖုန်းသီရိကျော်၊ အုပ်စိုးခန့်၊ နေထွဋ်၊ မြတ်ရတနာကျော်၊ ထွဋ်မြတ်ရွေရည်၊ ဟိန်းသစ်စ၊ ဟန်လင်း၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ စတဲ့ အနု ပညာရှင်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

“အချစ်ဟာသကားပုံစံလေး လူငယ်ဆန်ဆန်လေး ကျွန်တော်ရိုက်ကူးထားပါတယ်။ ဒီဇာတ်လေးရိုက်ဖြစ်တာက ခုနောက် ပိုင်း ဇာတ်လမ်းတွဲတွေက အလောင်တွေ၊ ပူလောင်တာတွေ အိမ်ထောင်ရေးဖောက်ပြန်တာတွေ များလာသလိုဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အိမ်ထောင်ရေးဇာတ်တွေ ရှေ့မှာရိုက်ခဲ့တာဆိုတော့ လူတွေရဲ့စိတ်ကို မွန်းကျပ်စေခဲ့တယ်။ အပြောင်းအလဲဖြစ်အောင် ကျွန်တော်ကိုယ်တိုင်လည်း ရိုက်ကြည့်ချင်လို့ ပရိသတ်ကြည့်ပြီး စိတ်ချမ်းသာပျော်ရွှင်မှုရအောင် စဖန်တီးဖြစ်တာပါ။ ဒါရိုက်တာတစ်ယောက်အနေနဲ့ အိပ်မက်ထဲကအိပ်မက် ပေါက်ခဲ့ပေမယ့်လည်း ကိုယ်ဖန်တီးလိုက်တဲ့ အရာရာတိုင်းက အတူတူပါပဲ”လို့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်က MTNews Entertainment ကိုပြောပါတယ်။

“အိုးမိုင်ဂေါ့ဒ်(𝗢𝗠𝗚)”ဇာတ်လမ်းတွဲက အပိုင်း ၁၄ ပိုင်းပါဝင်မှာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၃၀ ရက် ည ၇ နာရီက စတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ Fortune TV က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *