ယနေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်လေဆိပ်ရောက် မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာသံရုံး (ဆိုးလ်မြို့))
◾ ယခုလအတွင်း ကုန်ထုတ်လုပ်သားသစ်ဦးရေ ၃၉၀ ကျော် စေလွှတ်ခဲ့
၁၂. ၉. ၂၀၂၃
Written by Nyein Kyaw
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးအား ယနေ့တွင် ထပ်မံစေလွှတ်ခဲ့ပြီး ယခုစက်တင်ဘာလအတွင်း ကုန်ထုတ်လုပ်သားသစ် ၃၉၀ ဦးကျော် စေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး(ဆိုးလ်မြို့)မှ သိရသည်။
ကုန်ထုတ်လုပ်သားသစ်များသည် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်လေဆိပ်သို့ စက်တင်ဘာလ ၁၂ ရက် (ယနေ့)တွင် ရောက်ရှိခဲ့ပြီး မြန်မာသံရုံး (ဆိုးလ်မြို့)မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ယခုစက်တင်ဘာလအတွင်း EPS စနစ်ဖြင့် လုပ်သားသစ်စေလွှတ်မှုအနေဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၄၂ ဦးအား စက်တင်ဘာ ၅ ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၀၅ ဦးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် ၄၀ ဦး စုစုပေါင်း ၁၄၅ ဦးအား စက်တင်ဘာ ၆ ရက်တွင်လည်းကောင်း စေလွှတ်ခဲ့ပြီးဖြစ်သည်။
ကိုရီးယားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် ပြည်ပနိုင်ငံများမှ EPS လုပ်သားဦးရေ တစ်သိန်း ခေါ်ယူရန်ဆုံးဖြတ်ထားပြီး ကုန်ထုတ်လုပ်ငန်းများအတွက် အလုပ်သမားဦးရေ ၇၅,၀၀၀၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၄,၀၀၀၊ ရေလုပ်ငန်းအတွက် ၇,၀၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ၃,၀၀၀ နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ၁၀၀၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

