၁၁. ၉. ၂၀၂၃
Written by Phyo Wei

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံတချို့က တက်ရောက်ကြမှာမဟုတ်ဘူးလို့ ငြင်းဆိုသံထွက်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမန်တို့ ဒက်ကာမြို့မှာ စက်တင်ဘာ ၇ ရက်က ဆွေး နွေးချိန် လက်ရော့ဗ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဖြစ်ပွားနေတဲ့ ဘင်္ဂါလီဒုက္ခသည်အရေးကို နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှု ဆက်လက်ပြုလုပ်ခြင်းနဲ့ပဲ ဖြေရှင်းဖို့ ရုရှားက ထောက်ခံအားပေးတယ်လို့ ပြောလာတာ တွေ့ရပါတယ်။

ဒါ့အပြင် ရုရှားနဲ့ မြန်မာအကြား လက်ရှိငွေပေးချေမှုတွေကို တရုတ်ယွမ်နဲ့ပေးနေရလို့ ကျပ်နဲ့ရူဘယ်လ်တိုက်ရိုက်ပေးချေဖို့ ဆွေးနွေးမှုတွေ ရှိခဲ့သလို စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းကလည်း မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေနဲ့ ထိရောက်တဲ့စေ့စပ်ဆွေးနွေးလိုတယ်လို့ ပြောခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ တော်လှန်ရေးအကြောင်းပြပြီး လိင်ကိစ္စရှုပ်ပွေတဲ့ နွေဦးတော်လှန်ရေးဆရာတော်အကြောင်း၊ တရုတ်လူလိမ်ဂိုဏ်းတွေကို “၀” က ဖမ်းဆီးပြီး တရုတ်ရဲလက် အပ်လိုက်တဲ့အကြောင်းတွေနဲ့ အာဆီယံဥက္ကဋ္ဌနေရာကို လွှဲပြောင်းပေးလိုက်တဲ့ မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

“တော်လှန်ရေးအကြောင်းပြ လိင်ကိစ္စရှုပ်တဲ့ နွေဦးကိုယ်တော်”

NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က တော်လှန်ရေးလုပ်သူမင်းသမီးတစ်ယောက်နဲ့ PDF အမျိုးသမီးငယ်တစ်ဦးကို အငယ်အနှောင်းပြုကျင့်တယ်လို့ ပြည်ပနေ NUG ထောက်ခံသူ San Maw အကောင့်ပိုင်ရှင်က ဖော်ထုတ်ရေးသားနေပြီး ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်တာ၊ ဆော PDF ၈ ဦးက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာ NLD ပါတီရဲ့ တွံတေးအတွင်းရေးမှူးအောင်မင်းက ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခရဲ့ အသက်ငါးနှစ်အရွယ်သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်တာကို NUG က ထိုင်းနိုင်ငံထဲအထိ အောင်မင်းကို ဝင်ဖမ်းပြီးမှ ပြန်လွှတ်ပေးခဲ့တာကြောင့် ဝေဖန်မှုကြုံနေချိန်မှာပဲ နွေဦးတော်လှန်ရေးဆရာတော်က အမျိုးသမီးအများအပြားကို လိင်အမြတ်ထုတ်မှု ထပ်မံပေါ်ထွက်လာခဲ့တာပါ။ နွေဦးဆရာတော်နဲ့ အထက်ပါလူတွေတင်မဟုတ်ဘဲ လက်နက်ကိုင် PDF တွေ ပကဖတွေကလည်း တော်လှန်ဘက်တော်သားအချင်းချင်း လိင်အမြတ်ထုတ်မှုတွေရှိနေတယ်လို့လည်း အမျိုးသမီးမဟာမိတ်အင်အားစုက ပြောခဲ့သေးတာပါ။

PDF တွေ ပကဖတွေရဲ့ လူသတ်မှု၊ လုယက်မှု၊ ဓားပြတိုက်၊ ဆက်ကြေးတောင်းမှုတွေ၊ မုဒိမ်းမှုတွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာ ဒီလိုမျိုး နွေဦးတော်လှန်ရေးဆရာတော်က လိင်အမြတ်ထုတ်တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးနှစ်ဦးရဲ့ မိသားစုကပါ သတင်းစာထဲမှာ ကြေညာချက်ထုတ်ခဲ့တာတွေ့ရသလို အမျိုးသမီးမဟာမိတ်အင်အားစုကလည်း နွေဦးတော်လှန်ရေးဆရာတော် (Ke Sa Ra) ဟာ လိင်အမြတ်ထုတ်ရုံတင်မက သူကျုးလွန်တဲ့အမျိုးသမီးတွေကို ခြိမ်းခြောက်တာ၊ လုံခြုံရေးအရ တိုက်ခိုက်တာတွေရှိနေလို့ နွေဦးတော်လှန်ရေးဆရာတော်က ကိုယ့်အပြစ်ကို ဝန်ချတောင်းပန်ပြီး သာသနာအရေခြုံပြီး လိင်ကိစ္စဆက်မရှုပ်ဖို့ လူဝတ်လဲဖို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ကလည်း သူ့ရဲ့ လိင်အမြတ်ထုတ်မှုကို ဖော်ထုတ်ခဲ့ကြသူတွေရဲ့ တော်လှန်ရေးအလှုငွေတွေ ကိုယ်ကျိုးသုံးတာ၊ မယားကြီးရှိလျက် အိမ်ထောင်ရေးဖောက်ပြန်တဲ့ ကပ္ပတိန်ဇီးရိုးအကြောင်းနဲ့ မရွှေမိုး(ကိုရီးယား)ကလည်း CDM စစ်ဗိုလ်တစ်ယောက်နဲ့ အိပ်တာတွေကို အပြန်အလှန်ဖော်ကောင်လုပ်ခဲ့သေးတာပါ။ သေချာတာကတော့ ဒီလိုမျိုး တော်လှန်ရေးအကြောင်းပြ လူသတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်၊ လူထုအလှူငွေကိုယ်ကျိုးသုံးပြီး တော်လှန်သူအချင်းချင်းတောင် လိင်အမြတ်ထုတ်နေတဲ့ နွေဦးတော်လှန်ရေးဟာ ကမ္ဘာမှာရော မြန်မာမှာပါ နာမည်ကောင်းမကျန်တော့တာ အသေအချာပါ။

“၀”ဖမ်းတဲ့ တရုတ်လူလိမ်ဂိုဏ်း”

ထိုင်း-မြန်မာ-တရုတ်နယ်စပ်လိုင်းတစ်လျှောက် တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုတွေ အွန်လိုင်းလိမ်လည်မှုတွေ ဆိုးဆိုးရွားရွားကျုးလွန်နေတာ ကမ္ဘာ့သတင်းစာမျက်နှာဆီထွက်ပေါ်လာပြီးနောက်မှာ တရုတ်-မြန်မာ-လာအို-ထိုင်းနိုင်ငံတွေ ပူးပေါင်းပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သဘောတူညီမှုရခဲ့သလို တရုတ်-မြန်မာကြား ဒီတရုတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သဘောတူညီအပြီးမှာ စက်တင်ဘာ ၃ ရက်က တရုတ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ ပြည်နယ်လုံခြုံရေး ဦးစီးဌာနတို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက မြန်မာအစိုးရ ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသမှာ အွန်လိုင်းက လိမ်ညာလှည့်ဖြား စီးပွားရှာနေတဲ့ အွန်လိုင်းတယ်လီကွန်း ကွန်ရက် အခြေစိုက်စခန်း ၁၁ ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပူးတွဲ နှိမ်နင်းမှုစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား ၂၆၉ ဦး၊ မြန်မာနိုင်ငံသား ၁၈၆ ဦး၊ ဗီယက်နမ် ၆၆ ဦး၊ မလေးရှား ၁၅ ဦးနဲ့ ပိုင်ရှင်နှစ်ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၆ ရက်၊ ၇ ရက်နေ့မှာလည်း “ဝ”ရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့ ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့”ဝ” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသပိုင် WSTV သတင်းဌာနက ဖော်ပြလာပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်-ထိုင်းနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေကြောင့် တရုတ်လူမျိုးတွေ မြန်မာနိုင်ငံဘက်ကို ခရီးသွားမလာရဲတော့တဲ့အခြေအနေ၊ ကမ္ဘာမှာ မြန်မာဟာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေရဲ့ ဗဟိုချက်အဖြစ် နာမည်ပျက်ထွက်လာချိန်မှာ တရုတ်နယ်စပ်တကြောက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းပြီးရင်တော့ ထိုင်းနယ်စပ်တကြောက တရုတ်ရာဇဝတ်ဂိုဏ်းတွေပဲ ကျန်တော့မှာပါ။ လက်ရှိမှာတော့ အဲဒီတကြောဟာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက ဒီတရုတ်ရာဇဝတ်ဂိုဏ်းတွေဆီက ငွေယူပြီး ခွင့်ပြုထားသလိုအခြေအနေဖြစ်နေတာမို့လို့ မြန်မာနိုင်ငံကို နာမည်ပျက်စေတဲ့ ဒီလိုမျိုးအွန်လိုင်းလိမ်လည်တရုတ်ဂိုဏ်းတွေကို ဖမ်းဆီးနှိမ်နင်းရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ပူးပေါင်းပါ့မလားလို့တော့ တွေးဆစရာပါပဲ။

“တာဝန်လွှဲပြောင်းရတဲ့ အာဆီယံဥက္ကဋ္ဌနေရာ”

မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် အာဆီယံဟာ ဥက္ကဋ္ဌသုံးနေရာပေါင်းပြီး ဖြေရှင်းမယ်လို့ ထုတ်ပြောလာနေချိန်မှာပဲ မြန်မာနိုင်ငံကတော့ ၂၀၂၆ ခုနှစ်မှာ ကျရောက်မဲ့ အာဆီယံဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်ဆီ လွှဲပြောင်းလိုက်ပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်နဲ့ အထွေထွေရွေးကောက်ပွဲတွေကြောင့် ၂၀၀၆ နဲ့ ၂၀၁၆ ခုနှစ်မှာလည်း အခုလို တာဝန်လွှဲပြောင်းမှုရှိခဲ့တယ်လို့ ပြောခဲ့သလို မြန်မာ့နိုင်ငံရေးဟာ ဆယ်နှစ်တစ်ကြိမ် ကြီးမားတဲ့အလှည့်အပြောင်းတွေ ဖြစ်လာနေသလားတွေးဆစရာပါ။

၂၀၂၄ မှာ မြန်မာနိုင်ငံဟာ သန်းခေါင်စာရင်းကောက်မှာဖြစ်ပြီး ဒီစာရင်းအရ တိကျတဲ့ မဲစာရင်းတွေရနိုင်ဖွယ်ရှိတာကြောင့် မဲစာရင်းကောက်အပြီးမှာ ရွေးကောက်ပွဲလုပ်၊ ၂၀၂၅ ဧပြီမှာ တာဝန်လွှဲပြောင်းပေးမယ်လို့ အများက ထင်မြင်ယူဆထားပေမဲ့လည်း ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာဟာ လွှဲပြောင်းပေးမှုမှာတော့ ရွေးကောက်ပွဲဟာ ၂၀၂၅ လောက်ကျမှဖြစ်မလားလို့ တွေးစရာပြန်ဖြစ်လာပါတယ်။

“SAC ဘယ်လို သွားမှာလဲ။ (ပုဒ်မ) ၄၂၅ ကို ခြောက်လတစ်ကြိမ် သက်တမ်းထပ်တိုးဖို့ လိုသလား၊ မလိုဘူးလားက တည်ငြိမ်အေးချမ်းမှုနဲ့ ရွေးကောက်ပွဲ အခင်းအကျင်း ဒီအပေါ် မူတည်ပြီး ရှေ့ဆက်သွားမှာလား၊ ဘယ်တော့လုပ်မလဲ သူဆုံးဖြတ်လိမ့်မယ်။ ကျွန်တော်ထင်တယ် ၂၀၂၄ အလွန်လောက်တော့ ပထမအဆင့် မျှော်မှန်းလို့ ရတာပေါ့။ အခြေခံ မဲစာရင်းရပြီ။ စမတ်ကတ်နဲ့ သွားနိုင်တယ်။ ခလုတ်တစ်ချက်ထိတာနဲ့ မဲဆန္ဒနယ်တစ်ခုမှာပဲ မဲပေးနိုင်အောင် သူလုပ်လိမ့်မယ်။ အဲ့ဒီတော့ Free and Fair ဖြစ်နိုင်တယ်။ အဲ့ဒီလို ဖြစ်အောင်လည်း ကြိုးစားလိမ့်မယ်။ အစိုးရတစ်ရပ်ဖွဲ့နိုင်တဲ့ အခင်းအကျင်းဖြစ်တဲ့ လွှတ်တော် ဘယ်တော့ရောက်မှာလဲဆို တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်း၊ လက်ရှိ လူထု ဘယ်လောက်ပူးပေါင်းလာသလဲ။ ဒီအကျဉ်းအကျပ်ကြားထဲမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းက ရွေးကောက်ပွဲတစ်ရပ်ရဲ့ လိုအပ်မှုကို ဘယ်လောက်အထိ သဘောပေါက်လာမလဲ။ သဘောမပေါက်ရင် သူဆန့်ကျင်မယ်။ ဆန့်ကျင်ရင် ရွေးကောက်ပွဲ မဖြစ်ရင် သူဆက်သွားမှာပဲ။ ၄၂၅ သည် ခြောက် (လ) ခြောက် (လ) အကြိမ်များစွာ ယူလို့ရတယ်” လို့ ထင်ရှားတဲ့နိုင်ငံရေးသမား ဒေါက်တာ အေးမောင်က သူ့အမြင်ကို ပြောထားပါတာယ်။

တကယ်တော့ တော်လှန်ရေးဆိုတာဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ မအောင်မြင်ဘူးဆိုတာ ရှေ့ ၇၅ နှစ်တာကာလက သက်သေပြခဲ့ပြီးဖြစ်သလို ၂၀၂၁ နိုင်ငံရေးအကျပ်အတည်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေ အင်အားကောင်းလာ၊ PDF တွေ၊ ပကဖတွေ တိုးလာတယ်ဆိုပေမဲ့လည်း အခု လက်နက်ကိုင်တော်လှန်ရေးဟာ ဇာတ်မြောကြီးဖြစ်နေတာ အသေအချာပါ။ ဒီလို ဇာတ်မြောကြီးထဲမှာ ကိုယ်အာဏာဆက်ရှိနေဖို့ ပြည်သူတွေကို သတ်ဖြတ်တာတွေ ထိုင်ကြည့်နေရင် မဆုံးနိုင်တဲ့ကာလအရှည်ကြီးမှာ နိုင်ငံနဲ့ ပြည်သူပဲနစ်နာနေရမှာပါ။ ဒီလိုမျိုးနစ်နာမှုတွေ ဆက်မဖြစ်ရဖို့ နိုင်ငံနဲ့ ပြည်သူအတွက် ထွက်ပေါက်ဟာ ရွေးကောက်ပွဲတစ်ခုပဲရှိနေတာပါလို့ ဆင်ခြင်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *