၁၁. ၉. ၂၀၂၃
Written by Pan Ei

မက်ဆီနဲ့ ရော်နယ်ဒိုတို့ကြား ဘယ်သူက ပိုကောင်းလဲဆိုတဲ့ စကားစစ်ထိုးပွဲဟာ ဘောလုံးပရိသတ်တွေကြားထဲမှာ ဆယ်စုနှစ် နှစ်ခုနီးပါးအကြာ ကျယ်လောင်စွာရှိနေခဲ့တာဖြစ်ပြီး ဘောလုံးပရိသတ်အကြီးစားတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား အန်တိုနီ ဂျိုရှုအာ ကလည်း မကြာသေးမီက ရော်နယ်ဒိုနဲ့ မက်ဆီတို့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်တာ မြင်ဖူးချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Misfits Boxing နဲ့ အင်တာဗျူးမှာ ဂျိုရှုအာကို ကြိုးဝိုင်းထဲမှာ ထိုးသတ်တာကိုကြည့်ချင်တဲ့ လက်ဝှေ့သမားမဟုတ်တဲ့ လူနှစ်ယောက်ရဲ့ နာမည်ကို မေးမြန်းရာမှာ သူက ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဖြစ်တယ်လို့ ဖြေခဲ့တာဖြစ်ပြီး ခေတ်သစ်ဘောလုံးလောကရဲ့ အပြင်းထန်ဆုံးပြိုင်ဖက်တွေကို စစ်မြေပြင်အသစ်တစ်ခုဆီကို ပို့ပေးချင်တာပါလို့ သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျိုရှုအာ က သူ့ရဲ့ စိတ်ကူးယဉ် လက်ဝှေ့ပွဲမှာ မက်ဆီကို အနိုင်ယူဖို့ ရော်နယ်ဒိုကို ထောက်ခံအားပေးခဲ့ပြီး “ဒီပွဲက ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်မယ်ဆိုတာ သိပေမဲ့ ပေါ်တူဂီကြယ်ပွင့်က အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဆော်ဒီကလပ် အယ်နာဆာအသင်းကို ရောက်ရှိခဲ့တဲ့ ခရစ်စတီယာနို ရော်နယ်ဒိုကတော့ ပီအက်စ်ဂျီအသင်း နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အင်တာမီယာမီကို ပြောင်းရွှေ့သွားခဲ့တဲ့ မက်ဆီနဲ့ ပြိုင်ဆိုင်မှု ပြီးသွားပြီလို့ ယုံကြည်နေပုံရပြီး သူတို့နှစ်ယောက်ဟာ ဘောလုံးသမိုင်းကြောင်းကို ပြောင်းလဲခဲ့ပြီး တစ်ကမ္ဘာလုံးက လေးစားခဲ့ကြတယ်ဆိုတဲ့ အချက်ကို လက်ခံခဲ့သလို ရော်နယ်ဒို ဟာ ဘောလုံးသမားတစ်ယောက်ရဲ့ပရိသတ်တွေက ကိုယ်အားပေးတဲ့သူကို နှစ်သက်တယ်ဆိုတာ သက်သေပြဖို့ တခြားဘောလုံးသမားတစ်ဦးကို မုန်းတီးဖို့မလိုအပ်ဘူးလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ပရိသတ်ဖြစ်တဲ့ အန်တိုနီ ဂျိုရှုအာ ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာ လက်ဝှေ့အဖွဲ့ချုပ်နဲ့ ကမ္ဘာ့လက်ဝှေ့အဖွဲ့က ကျင်းပခဲ့တဲ့ပွဲတွေမှာ အနိုင်ရရှိကာ ကမ္ဘာ့လက်ဝှေ့ ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးပြီး လာမယ့် ၂၀၂၄ ခုနှစ် ဆော်ဒီအာရေဗျမှာ Deontay Wilder နဲ့ ထိုးသတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref; Sportskeeda

Leave a Reply

Your email address will not be published. Required fields are marked *