၃. ၈. ၂၀၂၃
Written by Ye Kyaw
အော်ဒါအသစ်များ တဟုန်ထိုး တိုးရလာမှုနှင့်အတူ ဩဂုတ်လအတွင်း ဝယ်လိုအားအခြေနေများ ဆက်လက်တိုးတက်လာသည့်အတွက် မြန်မာ့ကုန်ထုတ်လုပ်မှု ခုနစ်လဆက်တိုက် တိုးတက်လာခဲ့ကြောင်း စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ကြားနေအမှတ် ၅၀ အထက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ ဩဂုတ်လတွင် ခုနစ်လဆက်တိုက်ဖြစ်လာခဲ့သည်။ PMI အညွှန်းကိန်းသည် ဇူလိုင်လတွင် ၅၁ ဒသမ ၁ သာရှိခဲ့ရာမှ ဩဂုတ်လတွင် ၅၃ သို့ တိုးတက်လာခဲ့ပြီး သုံးလအတွင်း လုပ်ငန်းအခြေအနေများ အားအကောင်းဆုံး တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် အော်ဒါအသစ်များ ရှစ်လဆက်တိုက် ရရှိလာခဲ့ခြင်းက ဝယ်လိုအား အခြေအနေများကို ပံ့ပိုးပေးသည့်တိုးတက်မှုများ ဆက်ရှိနေခြင်းဖြစ်ပြီး စက်မှုကုန်ထုတ်လုပ်မှု လျင်မြန်စွာတိုးလာရေးကို ပံ့ပိုးပေးနေသည့် အချက်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ဩဂုတ်လဒေတာက ဝယ်လိုအား အလားအလာ တိုးတက်လာနေခြင်းက ကုမ္ပဏီတွေကို ရောင်းချရမှုများ တိုးမြှင့်ဖို့နဲ့ ထုတ်လုပ်မှုကို တိုးချဲ့ဖို့ အားပေးနေတဲ့အတွက် မြန်မာနိုင်ရဲ့ စက်မှုကဏ္ဍတစ်ဝန်း အခြေအနေများ ရှေ့ဆက်ပိုကောင်းလာခြင်းကို ဖော်ပြနေပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryan Baluch က ပြောသည်။
သို့သော်လည်း ပစ္စည်းပေးသွင်းရေးကွင်းဆက် ပြတ်တောက်မှုများနှင့် ဈေးနှုန်းဖိအားပေးမှုများမှာ သိသိသာသာ ပြင်းထန်လာနေခြင်းကို မီးမောင်းထိုးပြနေသကဲ့သို့ ဒေါ်လာအတွက် ကျပ်ငွေနှုန်း တန်ဖိုးကျလာနေပြီး ပို့ဆောင်ခနှင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဩဂုတ်လတွင် ရောင်းဈေးများကို မြင့်တက်လာစေခဲ့ကြောင်း သိရသည်။
