၃. ၉. ၂၀၂၃

Written by Ko Kyaw (Minbu)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ၂၀၂၃ ခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးထုတ်လုပ်သည့်မိုးနှမ်းများရိတ်သိမ်းရာ စက်တင်ဘာ ၁ ရက်နေ့အထိ မိုးနှမ်းစိုက်ဧက ၈၀၀၀၀ ကျော် ရိတ်သိမ်းပြီးစီးကာ တစ်ဧကအထွက်နှုန်း ၈ ဒသမ၃၁ တင်းနှုန်းထွက်ရှိခဲ့ကြောင်း မင်းဘူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှုးဦးလှမိုးထံက သိရသည်။

မင်းဘူးခရိုင်အတွင်း မင်းဘူး၊ စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့ပါဝင်ပြီး ယခုနှစ်မိုးရာသီကာလတွင် မိုးနှမ်းစိုက်ဧကပေါင်း ၁၀၄၄၈၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

“မိုးနှမ်းသီးနှံကို ဒီနှစ်မှာ စိုက်ဧကပေါင်း ၈၉၆၀၀ ဧကလျာထားစိုက်ပျိုးခဲ့ပေမယ့် မင်းဘူးမြို့နယ်မှာ စိုက်ဧက ၆၃၇၄၈ ဧက၊ ပွင့်ဖြူမြို့နယ်မှာ စိုက်ဧက ၁၃၃၉၅ ဧက၊ စလင်းမြို့နယ်မှာ စိုက်ဧက ၅၈၁၃ ဧက၊ ငဖဲမြို့နယ်မှာ စိုက်ဧက ၁၀၅၇၆ ဧက၊ စေတုတ္တရာမြို့နယ်မှာ စိုက်ဧက ၁၀၉၄၉ ဧက စုစုပေါင်းစိုက်ဧက ၁၀၄၄၈၁ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိ မိုးနှမ်းစိုက်ဧကပေါင်း ၈၂၈၄၂ ဧကရိတ်သိမ်းပြီးစီးပြီး မိုးနှမ်းတစ်ဧကအထွက်နှုန်း ၈ ဒသမ ၃၁ တင်းနှုန်းထွက်ရှိလို့ မိုးနှမ်းတင်းပေါင်း ၆၈၈၁၃၅ တင်းထွက်ရှိပါတယ်”ဟု ခရိုင်ဦးစီးမှုးဦးလှမိုးက ပြောသည်။

ယခင် ၂၀၂၂ ခုနှစ် မိုးရာသီကာလက မင်းဘူးခရိုင်အတွင်း မိုးနှမ်းသီးနှံကို စိုက်ဧကပေါင်း ၈၅၃၉၀ ဧကစိုက်ပျိုးနိုင်ခဲ့၍ ရိတ်သိမ်းထွက်ရှိချိန်တွင် တစ်ဧကလျှင် ၅ ဒသမ ၀၁ တင်းနှုန်းသာ ထွက်ရှိခဲ့၍ မိုးနှမ်းတင်းပေါင်း ၄၂၈၂၀၅ တင်းသာ ထွက်ရှိခဲ့သည်။

မင်းဘူးခရိုင်အတွင်း မိုးနှမ်းသီးနှံကို စမုံနက်(နှမ်းနက်)၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက် စသည်တို့ စိုက်ပျိုးထုတ်လုပ်ကြပြီး လက်ရှိတွင် နှမ်းဈေးများကောင်းနေကြောင်း သိရသည်။

“နှမ်းသီးနှံရိတ်သိမ်းစဉ်ကာလမှာ နှမ်းသီးနှံဈေးလည်း ကောင်းနေပါတယ်။ လက်ရှိမှာ နှမ်းဖြူ(၁)တင်း ၁၃၃၀၀၀ ကျပ်၊ စမုံနက်(နှမ်းနက်)(၁)တင်း ၁၂၃၀၀၀ ကျပ်၊ နှမ်းညို(၁)တင်း ၁၀၃၀၀၀ ကျပ်၊ နှမ်းနီ(၁)တင်း ၁၀၈၀၀၀ ကျပ်ဈေးနဲ့ ဝယ်ယူနေပါတယ်”ဟု မင်းဘူးမြို့ရှိ “ကျောက်တန်း-သီးနှံပွဲရုံ” ပိုင်ရှင်ဒေါက်တာဝင်းမျိုးသန့် က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *