၃၁. ၈. ၂၀၂၃

Written by Nay Aung

တရုတ်အစိုးရသည် နစကနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများရရှိရန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်နှင့် မြန်မာအစိုးရတို့သည် ဆက်သွယ်ရေးနှင့် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသူများကို ပူးပေါင်းဖြိုခွင်းသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ပြီးခဲ့သောရက်ပိုင်းက တရုတ်နှင့် မြန်မာအစိုးရတာဝန်ရှိသူများ နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ လုပ်ဆောင်ရေးကို အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာအစိုးရတာဝန်ရှိသူများနှင့် တရုတ်အစိုးရတာဝန်ရှိသူများသည် နယ်စပ်ဖြတ်ကျော်လုပ်ဆောင်နေသည့်ရာဇဝတ်မှုများ၊ အင်တာနက်လိမ်လည်မှုများအပြင် ပြည်သူများကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်အတွက် အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကိုမြန်မာနှင့် တရုတ်အစိုးရ အဖွဲ့တို့မှ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ စီးပွားကူးသန်းဝန်ကြီးဌာနတာဝန်ရှိသူများ၊ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများအပြင် ဒေသဆိုင်ရာအာဏာပိုင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 373347431_171139379336878_8222619237562446869_n.jpg

တရုတ်အစိုးရနှင့် မြန်မာအစိုးရသည် အဆိုပါတွေ့ဆုံဆွေးနွေးပွဲအတွင်း နယ်စပ်ဒေသအခြေအနေများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန် သတင်းအချက်အလက်များမျှဝေရေးအပြင် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၊ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့် ဂိုဏ်းများ၏ လိမ်လည်ခေါ်ယူခံရကာ ဖမ်းဆီးခံရပြီးနောက် တရုတ်အစိုးရသည် နယ်စပ်ဖြတ်ကျော်ကာ ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများကို ဖြိုခွင်းရန် အရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။မြန်မာအစိုးရသည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများ၊ လိမ်လည်မှုများ ကျူးလွန်နေသော တရုတ်နိုင်ငံသား ၂၄ ဦးကို ပြီးခဲ့သောသီတင်းပတ်တွင် တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံက ရာဇဝတ်မှုဆိုင်ရာသံသယရှိသူများကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းသည် တရုတ်နှင့် မြန်မာနိုင်ငံကြား လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများအပေါ် ဖြိုခွင်းနေခြင်းများနှင့်ပတ်သက်ပြီး ခိုင်မာသောရပ်တည်မှုကိုပြသလိုက်ခြင်းဖြစ်ကြောင်း တရုတ်သံရုံးက ဆိုသည်။ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်သော OHCHR ရုံးက မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် လူပေါင်း ၁၂၀၀၀၀ နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ လက်ထဲတွင် လူပေါင်း ၁၀၀၀၀၀ ခန့်ပိတ်မိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင်သတင်းထုတ်ပြန်ထားသည်။

Ref- — South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *