၃၁. ၈. ၂၀၂၃

Written by Nyein Kyaw

စားအုန်းဆီကို စျေးတင်ရောင်းချနေသော စားအုန်းဆီအသင်းဥက္ကဋ္ဌနှင့် တင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်များကို ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဩဂုတ် ၃၁ ရက်တွင် စားသုံးဆီ လက်လီရောင်းချနေသော ဆိုင်များက စားအုန်းဆီဈေးနှုန်းဖွင့်လှစ်ခြင်းမရှိသည့်အပြင် ပစ္စည်းပြတ်နေသည်ဟုဆိုကာ ရောင်းချခြင်းမရှိတော့ကြောင်း လက်လီအရောင်းဆိုင်များမှ သိရသည်။

“အခုက ဈေးနှုန်းလည်း ဘယ်ဈေးလဲမသိဘူး။ ဘာလို့မရောင်းတာလဲဆိုတော့ ပစ္စည်းပြတ်နေလို့။ ဘယ်နေ့လောက် စားအုန်းဆီပြန်ရောင်းနိုင်မလဲဆိုတာလည်း မပြောနိုင်သေးဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆီလက်လီ၊ လက်ကား ရောင်းချနေသော ဆီဆိုင်မှတာဝန်ရှိသူက ပြောသည်။

This image has an empty alt attribute; its file name is 372966244_171180725999410_3027364431273556591_n.jpg

လက်လီဈေးကွက်အတွင်း ယနေ့ မနက်ပိုင်းတွင် စားအုန်းဆီဈေးနှုန်း တစ်ပိဿာ ကျပ် ၉၀၀၀ မှ ၁၀၀၀၀ ကျော်အထိမြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် ဆီဆိုင်အများစုက စားအုန်းဆီဈေးနှုန်း ဖွင့်လှစ်ခြင်းမရှိသည့်အပြင် ပစ္စည်းပြတ်နေ၍ အခြားသော ပဲဆီ၊ နှမ်းဆီ၊ ပြည်ပမှတင်သွင်းထားသည့် ပါကင်ပိတ် စားသုံးဆီအမျိုးအစားများကိုသာ ရောင်းချလျက်ရှိသည်။

“ဒို့ ဒဂုံမှာ ဆီကိုဝယ်လို့မရတာ။ ရောင်းဖို့မရှိဘူး။ တစ်ယောက်ကို တစ်ပိဿာကို ၄၀၀၀၊ ၄၅၀၀။ အဲဒီနှုန်းနဲ့ကို ငါးဆယ်ကျပ်သားနှုန်းပဲ။ အဲဒီတန်းစီတာပဲပေးတယ်။ ဒီအတိုင်းဝယ်လို့မရဘူးတဲ့။ ဘယ်ဈေးတောင် မပြောတော့ဘူး။ ဆီဆိုင်အချို့ကတော့ လုပ်ခိုင်းလို့လားမသိဘူး။ တန်းစီတာပဲရောင်းပေးတယ်။ ဒီလိုမျိုးမလုပ်ရင် ဆီပေပါမချဘူးလို့ ပြောလို့။ ဒါကိုလုပ်ပေးရတဲ့အသံ‌လည်းကြားတယ်” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is 373299384_171180819332734_452915700841959958_n.jpg

နိုင်ငံတော်မှ အခြေခံလူတန်းစားများ စားအုန်းဆီကို သက်သာစွာဝယ်ယူနိုင်ရန် တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ ဝန်းကျင်ဖြင့် ရောင်းချပေးခြင်း၊ အပတ်စဉ် စားအုန်းဆီရည်ညွှန်းစျေး သတ်မှတ်ပေးသော်လည်း ဆီကုန်သည်များသည် ဆီပေပါ ၂၀ ခန့်ကိုသာရည်ညွှန်းစျေးဖြင့် ရောင်းချလျက်ရှိပြီး အများစုကို ရည်ညွှန်းစျေးထက် တစ်ပိသာလျှင်ကျပ် ၃၀၀၀ အထိစျေးတင်ရောင်းချနေသဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် လက်လီစျေးကွက်၌ စားအုန်းဆီ တစ်ပိသာကျပ် ၉၀၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ဩဂုတ် ၃၀ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် စားအုန်းဆီဈေးကစားမှုများပြုလုပ်ပြီး စားအုန်းဆီကို မတရားစျေးတင်ရောင်းချနေသော စားအုန်းဆီအသင်းဥက္ကဋ္ဌနှင့် တင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်များကို ဖမ်းဆီးသွားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

People Media အပါအဝင် သတင်းမီဒီယာများတွင် ဖော်ပြချက်အရ ခေါ်ယူစစ်ဆေးခံနေရသူများမှာ ဆီကုန်သည်အသင်းဥက္ကဋ္ဌ ဦဆန်းလင်း၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့် ရရှိထားသည့် လုပ်ငန်းရှင်များ ဖြစ်သော ဦးမြင့်ကြူ၊ ဦးထွန်းထွန်းဝင်း၊ ဦးဝမ်ထိုက်၊ ဦးအေးစိန်တို့ကို တာဝန်ရှိသူများက သီးခြား ခေါ်ယူ စစ်ဆေးလျက်ရှိသည်ဟု အဆိုပါသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *