◾ဒေါ်လာရောင်းချသည့် သက်သေများနှင့်တကွ ဖမ်းဆီးရမိသူတစ်ဦးအား ဆက်လက်စစ်ဆေးနေ

၃၁. ၈. ၂၀၂၃

Written by Ye Kyaw

လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားသုံးငွေများ ရောင်းချနေမှုအပေါ် ဖမ်းဆီးဆောင်ရွက်လျက်ရှိသည့်အပြင် တရားဥပဒေစိုးမိုးရေးအဖွဲ့က လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်၍ ဖော်ထုတ်အရေးယူနေကြောင်း ယနေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Facebook အစရှိသည့် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” စသည့် Facebook Page များမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုများပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါရောင်းဝယ်မှုများသည် တရားမဝင်ရောင်းဝယ်မှုများဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များက လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ်အရေးယူလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့တွင် အဆိုပါ Facebook Page မှတစ်ဆင့် အမေရိကန် ဒေါ်လာရောင်းချသူတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/-အထိ သို့မဟုတ် ယင်းနှင့် ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချ လဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အခါတွင် မိမိနှင့်အတူပါလာသည့် နိုင်ငံခြားသုံးငွေများအား Declaration ပြုလုပ်ဆောင်ရွက်သွားရန်နှင့် တရားဝင်လိုင်စင်ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရရှိသူများနှင့် နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများထံတွင်သာ နိုင်ငံခြားသုံးငွေများ လဲလှယ် ဝယ်ယူရောင်းချသွားရန် အသိပေး ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *